စစ်ကိုင်တိုင်း ပုလဲမြို့နယ်နဲ့ မကွေးတိုင်းမြိုင်မြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေနေထိုင်တဲ့ ကျေးရွာ ၂ ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ မြိုင်မြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
ပုလဲမြို့နယ်က စစ်ကောင်စီရဲ့ လက်အောက်ခံပျူစောထီးတွေနေထိုင်တဲ့ အင်မထီးကျေးရွာကို စက်တင်ဘာ ၂၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့ အီနာဂါ ဗုံးသီး ၁၂ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခ က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေနေထိုင်တဲ့ ကန်နီကျေးရွာကိုလည်း အဲဒီနေ့ ညနေ ၅ နာရီခွဲလောက်မှာ အီနာဂါ ဗုံးသီး ၈ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။