ကရင်နီ(ကယား)ပြည်နယ် မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့ထဲရပ်ကွက်တွေမှာ မီတာခ မဆောင်တဲ့ နေအိမ်တွေက မီတာဘောက်စ်တွေကို စက်တင်ဘာ ၁၉ ရက်ကစပြီး လိုက်ဖြုတ်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး မီတာမဆောင်ထားကြတဲ့ ရပ်ကွက်အစုံမှာ မီတာစာရွက်တွေ လိုက်ဝေပြီး မီတာခ ၁၀ သိန်းအထက် ကျသင့်တဲ့အိမ်တွေ၊ ဆိုင်တွေကို အဓိကထားပြီး မီတာဘောက်စ်တွေ၊ အိမ်အဝင်မီးကြိုးတွေ ဖြုတ်နေတာလို့ ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်နေသူတယောက်က “သတင်းရသလောက်တော့ အဖြုတ်ခံရတဲ့ အိမ်တွေ၊ ဆိုင်တွေများတယ်။ တချို့က သွားပြန်ဆောင်ကြတယ်တဲ့။ မဆောင်တဲ့အိမ် များတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူးဗျ” လို့ ပြောပါတယ်။
မီတာပုံးအဖြုတ်ခံကြတဲ့သူတွေ၊ မီတာဘောက်စ် ဖြုတ်ခံရပြီးနောက် မီတာခ သွားပြန်ဆောင်တဲ့ သူတွေရှိသလို တချို့ကတော့ အခြေအနေ စောင့်ကြည့် နေကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
တရက်ကို မီတာဘောက်စ် ၄၃ လုံးအထိ လိုက်လံ ဖြတ်တောက်ရမယ်လို့ ပြည်နယ်ရုံးက အမိန့်ပေးထားတဲ့အတွက် လျှပ်စစ်ရုံးဝန်ထမ်းတွေက မီတာဘောက်စ်တွေ၊ မီးကြိုးတွေ ဖြုတ်သိမ်းနေတာလို့လည်း အဲဒီရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။