ကေအန်ယူ အုပ်ချုပ်ရေးနယ်မြေ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁၂ လုံးကို မီးရှို့ခဲကြောင်းနဲ့ ဒေသတွင်းမှာ အပြစ်မဲ့ပြည်သူ ၁၆၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူ−ဗဟိုပြန်ကြားရေးက စက်တင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ (၃)၊ မူး(မုန်း) မြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၄ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ ၃ ဦးအား အကြောင်းမဲ့ဖမ်းဆီးကာ နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
မူးမြို့နယ် ငထွေစုတ်ကျေးရွာက နော်ဒိုဂေ (၆၀) နှစ်၊ နော်ဒိုင်ရီစိုး (၅၀) နှစ် နဲ့ မမြသန်းစိန် (၃၀) နှစ်တို့ အကြောင်းမဲ့ဖမ်းဆီးခံခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ငထွေစုကျေးရွာနဲ့ မျက်ရဲကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားတဲ့အတွက် စက်တင်ဘာ ၁၅ ရက်နေ့က ရေလဲကရင်ရွာနဲ့ ရေလဲဗမာရွာတို့မှ ပြည်သူ ၁၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
KNLA- PDF ပူးပေါင်းတပ်မှာ တာဝန်ရှိသူတဦးက "စစ်ကောင်စီတပ်တွေဟာ အရပ်ဘက်ကိုလည်း နေ့စဥ်လိုလို ပစ်မှတ်ထားပြီး တိုက်ခိုက်လာနေတာပါ။ ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်လုပ်လာတော့ ဒေသခံတွေ အသက်ဘေးကနေ လွတ်မြောက်ဖို့ ဖြစ်သလို နေထိုင်စားသောက်နေရတယ်” လို့ ပြောပါတယ်။
ထွက်ပြေးတိမ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မိုးတွင်းကာလဖြစ်တာကြောင့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ မလုံလောက်ဖြစ်နေပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြောက်ပိုင်းမှာတော့ ယာဒိုကျေးရွာကစစ်ရှောင်တွေ နေရပ်ပြန်လို့ရပေမဲ့ နေထိုင်ဖို့ အခက်အခဲတွေ ရှိနေတာကို စစ်ရှောင်ကူညီသူထံက သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဇူလိုင် ၁၁ ရက်က တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ယာဒိုနဲ့ နီးစပ်ရွာ၃ ရွာမှ ပြည်သူနေအိမ်တွေ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးခဲ့ကာ ဒေသခံတွ စစ်ဘေးရှောင်နေခဲ့ကြရတာပါ။
စစ်ရှောင်ကူညီသူ ကိုဖိုးဇော်က ''ပြန်လာလို့ကတော့ရပြီ နေလို့ကမရတော့ဘူး၊ ရွာထဲက အိမ်တွေစုတ်ပြတ်သတ်နေပြီ၊ နေအိမ်တွေကမလုံခြုံတော့မနေရဲတော့ဘဲ ရွာရဲ့အစွန်ဘက်မှာ တဲထိုးပြီးနေကြတယ်''လို့ဆိုထားပါတယ်။
တိုက်ပွဲကြောင့် နေအိမ်အဆောက်အဦးတွေ ပျက်စီးတဲ့အပြင် စစ်ရှောင်ရွာသားတွေ ချန်ရစ်ခဲ့တဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်တာတွေလည်း ရှိပါတယ်။
ယာဒိုစစ်ရှောင်တဦးက ''စရှောင်တာက ဇူလိုင်လ ၁၀ ရက်နေ့ ညလောက်ကပေါ့။ မစားရမသောက်ရတဲ့ လူတချို့ကတော့ သူတို့အခွင့်အရေးပဲထင်တယ်။ အိမ်ကိုဖောက်ပြီးခိုးတာ အိမ်ပြန်မချောင်းရဲသေးဘူး၊ ခုက ကယားပြည်ဘက်မှာ စစ်ရှောင်နေတယ် ''လို့ ပြောပါတယ်။
ယာဒိုကျေးရွာမှာ ဖာလာ၊ တညင်းသီး၊ သစ်ဂျပိုးခေါက်နဲ့ ဂေါ်ရခါးသီး အဓိကထွက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေမကောင်းလို့ ရွာသားတွေ မြို့ပေါ်တက်ပြီး ကိုယ်တိုင် ရောင်းချနိုင်ခြင်းမရှိဘဲ ကုန်သည်တွေနဲ့ ကားသမားတွေကိုသာ လမ်းကြုံထည့်ပေးလိုက်နိုင်တယ် လို့သိရပါတယ်။