လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း စပိန်အမျိုးသမီးဘောလုံးအသင်းဟာ စနစ်တကျ ခွဲခြားနှိပ်ချ ဆက်ဆံမှုနဲ့ ကြုံတွေ့ခံစားခဲ့ရတယ်လို့ အဓိကကစားသမားဖြစ်သူ အလက်စ်ဆီရာပူတဲလက်စ်က စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ ခွဲခြားချိုးနှိမ်မှုနဲ့ ကျား၊ မရေးရာ တန်းတူညီမျှမှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)နဲ့ အမျိုးသမီးလက်ရွေးစင်အသင်းကြားမှာ တစ်လတာ အငြင်းပွားနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းအနေနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် အောင်ပွဲခံနေစဉ်အတွင်း RFEF ဥက္ကဋ္ဌဟောင်း လူးဝီးစ်ရူဘီယာလက်စ်က အသင်းကစားသမား ဂျန်နီဟာမိုဆိုရဲ့ နှုတ်ခမ်းကို သဘောတူညီမှုမရှိဘဲ နမ်းရှိုက်ခဲ့တာပါ။
ဒီဖြစ်ရပ်ကြောင့် စပိန်အမျိုးသမီးအသင်းမှာ အသင်းဖော်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ ကစားသမားတွေက ပါဝင်ကစားပေးဖို့ကို ငြင်းဆန်ခဲ့ကြပါတယ်။
အမျိုးသမီးဘလွန်းဒီအော် ၂ ဆုရှင် ပူတဲလက်စ်ကတော့ ဂျန်နီအယ်လ်မိုဆိုလိုမျိုး အခြေအနေအတိုင်း နောက်ထပ်မဖြစ်အောင် လုပ်ထုံး လုပ်နည်း အသစ်တွေချမှတ်ဖို့ လိုအပ်တယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှုမတိုင်ခင် ဂိုသန်ဘာ့ဂ်မြို့မှာ ပူတဲလက်စ့်အနေနဲ့ အကြုံပြုခဲ့တာ ဖြစ်ပါတယ်။
ဒီလို ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေအများစုမှာ စပိန်နောက်ခံလူ အိုင်းရင်းပါရေးဒက်စ်က တစ်ယောက်တည်းလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စပိန်အစိုးရရဲ့ ကြားဝင်ဖြေရှင်းပေးမှု နှေးကွေးခဲ့တဲ့အပေါ်မှာလည်း လက်ရွေးစင်နောက်ခံလူက ဝေဖန်ခဲ့ပါတယ်။
Source/Photo-Reuters