မြန်မာပြည်တွင်း ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ တက်ရောက် ပညာသင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူတွေကို NUG,PDF က အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့အကြောင်းကိုပါ သင်ကြားပေးဖို့ စစ်ကောင်စီက ထည့်သွင်းပြောဆိုခိုင်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းပညာရေးမှူးရုံးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကိုယ်ပိုင်ကျောင်းပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီး အဲ့ဒီလိုအကြောင်းအရာတွေကို မိမိတို့ကျောင်းတွေမှာ ပြန်လည် အသိပေးဖို့နဲ့ ညွှန်ကြားချက်ကိုလိုက်နာဖို့ အသိပေးခဲ့တယ်လို့ မင်္ဂလာဒုံမြို့နယ်က ကိုယ်ပိုင်ကျောင်းပိုင်ရှင်တဦးက ပြောပါတယ်။
“အစည်းအဝေးခေါ်ပြီး အကြမ်းဖက်အဖွဲ့တွေဖြစ်တယ်လို့ ပြောခိုင်းတယ်။ သူတို့စစ်ဆေးချိန်မှာ ကျောင်းသား ကျောင်းသူတွေကိုလည်း မေးမယ်လို့လည်း ဖိအားပေးတယ်။ နောက်ထပ်ခေါ်မယ့်အစည်းအဝေးမှာ ဘာထပ်တိုးဦးမလဲမသိဘူး။တခုပြီးတခုခေါ်ကြပ်နေတာ။”
ဒါ့အပြင် ကိုယ်ပိုင်ကျောင်းတွေမှာ ခန့်ထားတဲ့ဆရာတွေကို သေချာစိစစ်ခန့်ထားဖို့နဲ့ CDM ဆရာ ဆရာမတွေမခန့်ထားမိစေဖို့နဲ့ သိရှိပါက ကျောင်းတခုလုံးချိတ်ပိတ်ခံရမှာဖြစ်တယ်လို့ ခြိမ်းခြောက် ပါသေးတယ်။
ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ လက်ရှိတည်ဆဲအစိုးရက ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေ အပေါ် အပြည့်အဝ လိုက်နာရမှာဖြစ်ပြီး အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်တာမျိုးတွေလုံးဝ မလုပ်မိစေဖို့ကိုလည်း ရန်ကုန်တိုင်းပညာရေးမှူးက ညွှန်ကြားထားသေးတယ်လို့သိရပါတယ်။
အဲ့ဒီလိုညွှန်ကြားချက်တွေဟာ ကိုယ်ပိုင်ကျောင်းတွေအတွက်သာဖြစ်ပြီး အခြေခံပညာ ကျောင်းတွေမှာတော့ NUG နဲ့ PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် ပြောဆိုတာမျိုးမရှိသေးဘူးလို့သိရပါတယ်။