ဘူလ်ဂေးရီးယားရဲတွေဟာ အနောက်လိုလားတဲ့ အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြကြတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ ဗာဇရာ့ဇေ့ချ်ဒန်ပါတီကို ထောက်ခံသူတွေနဲ့ စက်တင်ဘာ ၂၁ ရက်က ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရွေးကောက်ပွဲ ၅ ကြိမ် ဖြတ်သန်းခဲ့ရတဲ့ ဘူလ်ဂေးရီးယားနိုင်ငံအတွင်း ရွေးကောက်ပွဲ စောစောကျင်းပပေးဖို့နဲ့ နေတိုးစစ်စခန်းတွေကို ပိတ်ပစ်ဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းဘက်ကနေ အီးယူအဖွဲ့ဝင် ဘူလ်ဂေးရီးယားရဲ့ ထောက်ခံမှုကို ဆန့်ကျင်ကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ပါလီမန်အဆောက်အအုံရှေ့မှာ စုဝေးခဲ့ကြပြီး အလံတွေ ဝှေ့ယမ်းပြီး ဝီစီတွေလည်း မှုတ်ခဲ့ကြပါတယ်။
စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး နလ်လီယူလီကိုဗာက “ဘူလ်ဂေးရီးယားပြည်သူတွေဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲမှာ ဘူလ်ဂေးရီးယားတွေ မပါဝင်ချင်ဘဲ ဘက်မလိုက်နိုင်ငံ ဖြစ်ချင်တယ်။ ဘူလ်ဂေးရီးယားတွေဟာ နောက်ထပ် စစ်ပွဲကို လှုံ့ဆော်ပေးတဲ့ လက်နက်တင်ပို့တာကို မလိုလားဘူး”လို့ ပြောပါတယ်။
နိုင်ငံနဲ့ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်တာ မဟုတ်တဲ့ ဒီအစိုးရ နုတ်ထွက်ဖို့ မျှော်လင့်ကြောင်းလည်း အသက် ၅၁ နှစ်အရွယ် လျှပ်စစ်အင်ဂျင်နီယာ နလ်လီ ဘာလာဘန်စ်ကာ က ပြောဆိုပါတယ်။၊
ဆန္ဒပြသူတွေဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ ငြမ်းတွေဆင်ထားတဲ့ အောက်က ဆိုဗီယက်စစ်တပ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အထိမ်းအမှတ် ရုပ်တုကျောက်တိုင်ရှေ့မှာ သူတို့ရဲ့ ဆန္ဒပြလမ်းလျှောက်ခြင်းကို အဆုံးသတ်ခဲ့ပါတယ်။
အဲဒီအထိမ်းအမှတ်နေရာနဲ့ နီးကပ်အောင် ကြိုးစားကြသူတချို့ကို တားဆီးကြတဲ့ ရဲတွေနဲ့ တချို့ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဘူလ်ဂေးရီးယားအစိုးရဟာ အဲဒီရုပ်တုကျောက်တိုင်ကြီးကို သူ့ရဲ့လက်ရှိ တည်နေရာကနေ ဖယ်ရှားလိုက်ဖို့ လောလောလတ်လတ် ဆုံးဖြတ်ခဲ့ပါတယ်။
ကြာသပတေးနေ့မှာပဲ သီးခြားကိစ္စအနေနဲ့ ဘူလ်ဂေးရီးယားဟာ ရုရှားနိုင်ငံသားတဦးနဲ့ ဘယ်လာရုစ်နိုင်ငံသား ၂ ဦး တို့ကို နှင်ထုတ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးအေဂျင်စီ (SANS) ရဲ့ အမိန့်အရ လာမယ့် ၅ နှစ်အတွင်း ဘူလ်ဂေးရီးယားကို ဝင်ရောက်ခွင့်မပြုတော့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
Source/Photo-Reuters