ကမ္ဘာ့နာမည်ကြီး မီဒီယာလုပ်ငန်းကြီးတွေဖြစ်တဲ့ Fox ကော်ပိုရေးရှင်းနဲ့ News ကော်ပိုရေးရှင်း လုပ်ငန်းစုကြီးတွေရဲ့ ဥက္ကဋ္ဌဖြစ်သူ ရူးပတ်မားဒေါ့ဟာ စက်တင်ဘာ ၂၁ ရက်မှာ ရာထူး ကနုတ်ထွက် သွားပါတယ်။
ဒါကြောင့် သြစတြေးလျကနေ အမေရိကန်နိုင်ငံအထိ မီဒီယာအင်ပါယာကြီးကို ဖြန့်ကျက်တည်ထောင်နိုင်ခဲ့တဲ့ မားဒေါ့ရဲ့ ဆယ်စုနှစ် ၇ ခုကြာ ဖြတ်သန်းမှုကတော့ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီဘီလီယံနာသူဌေးကြီးရဲ့ သားဖြစ်သူ လာကလန် မားဒေါ့ကတော့ News ကော်ပိုရေးရှင်း လုပ်ငန်းစုရဲ့ တဦးတည်းသော ဥက္ကဋ္ဌ ဖြစ်လာခဲ့သလို Fox လုပ်ငန်းစုမှာလည်း ဥက္ကဋ္ဌနဲ့ စီအီးအိုအဖြစ် ဆက်လက်တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ဒီကုမ္ပဏီတွေအနေနဲ့ အတည်ပြုပါတယ်။
အခုလို ရာထူးလွှဲပြောင်းပေးမှုကြောင့် ဒီမီဒီယာအင်ပါယာကြီးမှာ လာကလန်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍက ပိုမိုခိုင်မာလာတဲ့အပြင် မားဒေါ့ မိသားစုရဲ့ အမွေဆက်ခံမှုဆိုင်ရာ မေးခွန်းတွေကိုပါ အဆုံးသတ်စေခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါလုပ်ငန်းစု ၂ ခု အချင်းချင်း ပူးပေါင်းပြီး မီဒီယာအင်ပါယာကြီးကို ပြန်လည်ပေါင်းစည်းချင်တဲ့ မားဒေါ့ရဲ့ အစီအစဉ်တရပ်အပေါ် ဖျက်သိမ်းခဲ့ရပြီးနောက် ဒီသတင်း ထွက်ပေါ်လာခဲ့တာပါ။
ဒါမျိုးပေါင်းစည်းမှု ပြုလုပ်လိုက်တဲ့အခါ ဒီကုမ္ပဏီကြီးရဲ့ တန်ဖိုးအပြည့်အဝကို သိရှိနိုင်ဖို့ အတွက် မဖြစ်နိုင်တော့တာကြောင့် ထိပ်တန်းရှယ်ယာရှင်တချို့က အဆိုပြုချက်ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကုမ္ပဏီကြီးနှစ်ခုစလုံးမှာ ထိန်းချုပ်ခွင့်ရှိလာနိုင်မယ့် အစုရှယ်ယာ ထက်ဝက်နီးပါးကို အသက် ၉၂ နှစ်အရွယ် မားဒေါ့က ပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ်ပါ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Source/Photo-Reuters