ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ရပ်ကွက် (၈) ၊ သီတာလမ်းရှိ ဆောက်လက်စတိုက်တခုမှာ စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက မိလ္လာကန်ထဲဆင်းခဲ့တဲ့ ဆောက်လုပ်ရေးဝန်ထမ်း ၃ ဦးဟာ အောက်စီဂျင်ပြတ်တောက်ပြီး သေဆုံးခဲ့တယ်လို့ လားရှိုးမြို့နယ် လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
မနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်က အမျိုးသား ၃ ဦးဟာ ကျင်းထဲ လဲကျနေတယ်လို့ သတင်းရလို့ လားရှိုးမြို့နယ် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဖက်အသင်းတွေက သွားရောက် ကူညီကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက“ ကန်ထဲမှာ အသက်ရှုကြပ်ပြီး လဲကျနေတာ၊ အသက် ၂၀ ကျော်က နှစ်ဦး၊ အသက် ၃၀ ကျော်က တဦးပါ၊ အသက်ရှုကြပ်တဲ့ လက္ခဏာပါပဲ အမြှုပ်တွေ ထွက်ပြီး ဆုံးသွားတာ၊ တိုက်က ဆောက်ခါစပဲ ရှိသေးတယ်၊ တခြားနယ်ဘက်က အလုပ်သမားတွေဆိုတော့ သူတို့ မိသားစုတွေနဲ့တော့ အဆက်အသွယ်မရသေးဘူး” လို့ ဆိုပါတယ်။
ညနေ ၃နာရီခန့်မှာ ကျင်းထဲကနေ ကယ်ထုတ်နိုင်ပေမဲ့ ဆောက်လုပ်ရေးဝန်ထမ်း အမျိုးသား ၃ ဦးစလုံး အသက်မရှိတော့ဘူးလို့ သိရပြီး သက်ဆိုင်ရာအဖွဲ့တွေက သေဆုံးသူတွေရဲ့ နေရပ်နဲ့ မိသားစုဝင်တွေကို အဆက် အသွယ်ရရှိဖို့ လုပ်ဆောင်နေပါတယ်။
ရုပ်အလောင်းတွေကို လားရှိုးလူငယ်များ အသင်း၊ ကရုဏာဖောင်ဒေးရှင်း၊ မေတ္တာစမ်းရေအသင်းတို့က လူနာတင်ယာဉ်တွေက PR-013၊ 014၊ 015နဲ့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှာ ဆောက်လက်စတိုက်ရဲ့ မိလ္လာကန်ထဲဆင်းသက်ခဲ့တဲ့ အမျိုးသား ၃ ဦးဟာ သတိလစ်နေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာတော့ ၁ ဦးသေဆုံးသွားကာ ၂ ဦး အသက်ရှင်ခဲ့ပါတယ်။
ဩဂုတ်လ ၁၈ ရက်ကလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆောက်လက်စတိုက်ရဲ့ ရေလှောင်ကန်ထဲ ဆင်းခဲ့တဲ့ ဆောက်လုပ်ရေးဝန်ထမ်း အမျိုးသား ၂ ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံးသွားပါတယ်။