ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ စက်တင်ဘာ ၂၀ ရက်က စစ်ကောင်စီတပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ညောင်ပင်သာကျေးရွာမှာ ကျရောက်ပေါက်ကွဲတာကြောင့် ရွာသား အမျိုးသား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ နေ့လယ် ၁ နာရီကျော်ကနေ ညနေ ၅ နာရီလောက်အထိ ဖန်ခါးကုန်း ခလရ ၄၇ တပ်က ကောင်းတုံ၊ မြလယ်နဲ့ မြစ်ကမ်းဘေး စာဝတီး၊ ညောင်ပင်သာရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့ရှောင်လမ်းဆုံနှစ်ခုမှာ စက်တင်ဘာ ၁၉ ရက်ည ၆ နာရီကျော်လောက်က စစ်တပ်နဲ့ ရဲတွေက လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေကို အကြောင်းမဲ့တားဆီးကာ အစီးရေ ၅၀ လောက်ကို ဖမ်းဆီးယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “လိုင်စင်စစ်တာလိုလို၊ မသင်္ကာတာလိုလိုနဲ့ အတင်းသိမ်းယူလိုက်တာပါ။ သူတို့က လက်နက်နဲ့ဆိုတော့ ဘာမှပြောခွင့်မရပါဘူး၊ လူလွတ်လာတာတောင် ကံကောင်းလို့။ စစ်တပ်ရိက္ခာတင်သင်္ဘောတွေ တက်လာတိုင်း အဲလိုပဲ ဖမ်းဆီးသိမ်းယူကြတယ်။ အခုလည်း သင်္ဘော တက်လာတယ်ကြားရတယ်” လို့ ပြောပါတယ်။
သိမ်းယူသွားတဲ့ ဆိုင်ကယ်တွေကို ၁၂ ဘီးကားကြီးပေါ် တင်ဆောင်ကာ စစ်တပ်ထဲ မောင်းယူသွားကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိပါဘူး။