ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာအုပ်စု၊ ကျမ်းဆာရွာက လွယ် ဆုတောင်းပြည့်ဘုရားမှာ စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီခွဲလောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ဆရာတော် ၁ ပါး ဒဏ်ရာရခဲ့ပြီး ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဘုန်းကြီး ကျောင်းဆောင် ပျက်စီးသွားတယ်။ လူထိခိုက်တာတော့ ဘုန်းကြီး ၁ ပါးပဲ ထိခိုက်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်ကစ မူဆယ်နဲ့ နမ့်ခမ်းကြားမှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်နေပြီး စစ်ရေးတင်းမာနေတာကြောင့် ကိုရင်တွေကို အိမ်ပြန်လွှတ်လိုက်ပြီး ဆရာတော် တပါးတည်း ရှိနေချိန် လက်နက်ကြီးကျကွဲတာလို့ ဆိုပါတယ်။
"ဆွမ်းစားပြီးတော့ အနားယူတဲ့အချိန်မှာ အဲဒီနားတဲ့ ကျောင်းဆောင်မှာပဲ လက်နက်ကြီးကျတော့ ထိသွားတာ။ ပေါင်မှာရော၊ နဖူးမှာမှာ ဒဏ်ရာတွေ" လို့ ဒေသခံက ရှင်းပြပါတယ်။
ဆရာတော် ပေါင်မှာ လက်နက်ကျည်စတွေ ရှိနေတာကြောင့် ခွဲစိတ်ဖို့လိုပေမယ့် စိုးရိမ်စရာ မလိုကြောင်း၊ မူဆယ်ဆေးရုံမှာတင်အဆင်ပြေကြောင်း ပရဟိတ တာဝန်ရှိသူတဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ ဆုတောင်းပြည့် ဆရာတော် ဦးဩဇေယျဟာ သက်တော် ၇၀ ရှိပြီ ဖြစ်ပြီလို့ ဆိုပါတယ်။
လွယ် ဆုတောင်းပြည့်တောင်က မူဆယ်ကနေ နမ့်ခမ်းဘက် သွားရင် စယ်လန့် မရောက်ခင် ၅ မိုင်အကွာမှာ ရှိတာပါ။
စက်တင်ဘာ ၂၀ ရက်ကလည်း တနေ့ကုန်နီးပါး နမ့်ဖတ်ကာ ၁၂၃ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရသလို မူဆယ်ဘက်ကလည်း လက်နက်ကြီး ပစ်ခတ်သံ ကြားနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မူဆယ် နဲ့ နမ့်ခမ်းကြား စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ် (TNLA) တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး စစ်မြေပြင် အနီးနားက ဒေသခံ ၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနကတော့ မူဆယ်၊ ကွတ်ခိုင်၊ မိုးကုတ် မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း၊ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ စက်တင်ဘာ ၁၉ ရက်အထိ တိုက်ပွဲ ၅၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။