Home
ဆောင်းပါး
လက်နက်ကိုင်တော်လှန်ရေးကို ပိုင်းဖြတ်မှုရှိရှိ လုပ်ဖို့လိုတယ်
DVB
·
September 21, 2023
Article 2 21092023

လက်နက်ကိုင်တော်လှန်ရေးကို ပိုင်းဖြတ်မှုရှိရှိ လုပ်ဖို့လိုတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ နည်းဗျူဟာအရရော သေနင်္ဂဗျူဟာအရပါ အကြမ်းဖက်ပြီး ရန်သူကို ဖြိုချသုတ်သင်ကာ ချည့်နဲ့အောင်လုပ်ပြီး လိုချင်တဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို အကောင်အထည်ဖော်တာပဲ။ ဒီတော့ နှစ်ဖက်စလုံးအတွက် အရင်းအနှီးက ကြီးတယ်။ အပြန်အလှန် အကြမ်းဖက် ဖျက်ဆီးကြတဲ့ သဘောပဲဆိုတော့ အပျက်အစီးတွေက မြင်သာတယ်။ ကုန်ထုတ်လုပ်ရေးအတွက် အခြေခံအဆောက်အဦတွေကစလို့ လုပ်ခင်းကိုင်ခင်း ဟူသမျှ ပျက်စီးတယ်။ လူမှုဘဝတွေဟာလည်း တဦးချင်းကနေ မိသားစုအလိုက်၊ ဆွေမျိုးအုပ်စု၊ ရပ်ရွာမြို့ပြတိုင်းပြည်အထိ ဖျက်ဆီးခံရတယ်။ သွေးချောင်းစီးတယ်။ လူ့အဖွဲ့အစည်းကို အဆိုးရွားဆုံး ထိခိုက်တယ်လို့ ပြောလို့ရတဲ့ အရာမှန်သမျှဟာ ဒီအကြမ်းဖက်မှုတွေကြောင့် ဖြစ်ရတာပဲလို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီလိုအပျက်အစီးတွေကို သက်သေထူပြီး စစ်ကို ဆန့်ကျင်တဲ့ ရွှေပြည်အေးသမားတွေက တော်လှန်ရေးတွေကို ငြင်းဆန်တာပဲ။ ဖိနှိပ်ခံတွေ လွတ်မြောက်ရေးအတွက်တော့ ဒီအကြမ်းဖက်မှုဟာ မလွဲမသွေ ရွေးချယ်ရမယ့်လမ်းပဲ။ တခြားရွေးစရာမရှိဘူး။

လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ တိုက်ပွဲကို ရွေးချယ်ခဲ့ကြတာ အဖိနှိပ်ခံတွေဘက်ကချည်းပဲ ဆိုတာ ငြင်းမရဘူး။ ဘာကြောင့် ဒီလို အပျက်အစီး အဆုံးရှုံးများတဲ့ အရာကို ရွေးချယ်ရသလဲဆိုရင် ဖိနှိပ်သူတွေကိုယ်တိုင်က လက်နက်ကိုင်တိုက်ပွဲကလွဲရင် တခြားအရာကို ရွေးချယ်လို့မရအောင် ချောင်ပိတ်တွန်းပို့ပြီး ကိုယ့်သေတွင်း ကိုယ်တူးကြလို့ပဲ။

ဒီလို ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားက ပဋိပက္ခမှာ အနှစ်သာရအားဖြင့် ဘယ်လိုမှ စေ့စပ်ပြေငြိမ်းမရတဲ့ အခြေအနေမှာ ဖြေရှင်းစရာနည်းလမ်းဟာ အကြမ်းဖက်ပြီး တဖက်ဖက်ကို အပြုတ်ဖြုတ်မှ ရမယ့်အခြေအနေထိ တဆင့်ချင်း မြင့်တက်လာတာဖြစ်တယ်။ ထာဝရပြေငြိမ်းလို့မရတဲ့ ပဋိပက္ခမို့ တဖက်ကို အပြုတ်ဖြုတ်ရတာပဲ။ ဖိနှိပ်သူမရှိရင် အဖိနှိပ်ခံဆိုတာ မရှိနိုင်သလို အဖိနှိပ်ခံမရှိရင် ဖိနှိပ်သူဟာလည်း ရပ်တည်မရနိုင်ဘူး။

ဒီမှာပဲ ဖိနှိပ်သူတွေရဲ့ အကျပ်အတည်းကို တွေ့နိုင်တယ်။ ဖိနှိပ်သူလူတန်းစားဟာ အဖိနှိပ်ခံတွေအပေါ်မှာသာ ကပ်ပါးကောင်လို တွယ်ကပ်ရှင်သန်နိုင်တယ်ဆိုတဲ့ အချက်ပဲ။ ဖိနှိပ်သူလူတန်းစားဟာ သူတို့ရှင်သန်ဖို့ အဖိနှိပ်ခံတွေ မရှိမဖြစ် လိုတယ်ဆိုတဲ့ အချက်ပဲ။ ဒါကြောင့် ဖိနှိပ်သူတွေဘက်က အဖိနှိပ်ခံတွေကို နှိမ်နင်းတဲ့အခါ အမြဲ အကျပ်အတည်းတွေ့ရတဲ့ အချက်လည်းဖြစ်တယ်။ အဖိနှိပ်ခံတွေကို အပြုတ်ဖြုတ်လို့မရဘဲ ဖိနှိပ်ခံတွေရဲ့ အကြမ်းဖက် တော်လှန်မှုကိုသာလျှင် နှိမ်နင်းလို့ရနိုင်တယ်။ ဖိနှိပ်ခံသူတွေကို အပြုတ်ဖြုတ်လိုက်ရင် သူတို့အတွက် ဖိနှိပ်စရာ လူတန်းစားမရှိဘဲ ဖြစ်သွားမယ်။ ဒီလိုအခြေအနေမှာ ဖိနှိပ်သူတွေ အနေနဲ့ ရှင်သန်ရေးအတွက် ကုပ်သွေးစုပ်စရာ ဖိနှိပ်ခံလူတန်းစားပျောက်ရင် သူတို့ပါ အလိုလို ပျောက်ဆုံးကုန်မှာ မဟုတ်လား။ ဒါဟာ လူလူချင်း ကုပ်သွေးစုပ်မှုကို မဖုံးနိုင်မဖိနိုင်ဖြစ်ရတဲ့ ဖိနှိပ်သူတွေရဲ့ ဖောက်ပြန်မှုပဲ။ ဖောက်ပြန်မှုတိုင်းဟာ ခိုင်မာပိုင်းဖြတ်မှုရှိတဲ့ တော်လှန်ရေးနဲ့ တွေ့တိုင်း ပြိုလဲကျရတာ လောကနိယာမပဲ။

ဆန့်ကျင်ဘက်အားဖြင့် ဖိနှိပ်ခံတွေဟာ အသက်ရှင်သန်ရေး အခြေခံအနှစ်သာရမှာ လွတ်လပ်တယ်၊ အမှီအခိုကင်းတယ်။ ဖိနှိပ်သူတွေရဲ့ ကုပ်သွေးစုပ်မှုအောက်မှာတောင် ရှင်သန်ဖို့ ကြိုးစားနိုင်တယ်။ ဒါပေမဲ့ အခြေခံအားဖြင့် တည်ရှိနေတဲ့ လွတ်လပ်စွာ ရှင်သန်နိုင်မှုကို အနှောင့်အယှက် အဟန့်အတားပြုနေတာ ကုပ်ခွစီးပြီး သွေးစုပ်နေတဲ့ ဖိနှိပ်သူ လူတန်းစားပဲ။ ဖိနှိပ်ခံတွေအတွက်တော့ ဖိနှိပ်သူတွေ မရှိလေ ကောင်းလေပဲဖြစ်တယ်။ ဒီလူတန်းစားမရှိလေ အခြေခံစားဝတ်နေရေးအတွက် ကုန်ထုတ်လုပ်ရေးဟာ အစွမ်းကုန် ဖွံ့ဖြိုးပြီး သာယာဝပြောလေပဲဖြစ်မှာ။ သာယာဝပြောမှုဟာ ငြိမ်းချမ်းရေးကို အာမခံပေးမယ့် အချက်တချက်ပဲ။

လူမှုပြဿနာတွေရဲ့ အခြေခံဟာ စားဝတ်နေရေးဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ မပြည့်ဝမှုက လာတာဖြစ်တယ်။ ဒီပြဿနာတွေရဲ့ အဓိကလက်သည်ဟာ ဖိနှိပ်သူလူတန်းစားပဲ မဟုတ်လား။ ဒီလူတန်းစားတွေဟာ ကမ္ဘာလောကဆီကနေ အပြီးတိုင် ပျောက်ကွယ်ရမယ့် လူတန်းစားဖြစ်လို့ ပိုင်းဖြတ်မှုရှိရှိ ချေမှုန်းပစ်ကြရမယ်။ ဒါမှသာ ဖိနှိပ်ခံတွေရဲ့ အခြေခံကျကျ အနှစ်သာရအဖြစ် တည်ရှိနေတဲ့ လွတ်လပ်မှုဟာ ပေါ်လွင်လာမှာဖြစ်တယ်။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ လူတွေကသာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်။

ဒီတော့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံဟာ စတင်ပေါ်ပေါက်လာကတည်းက မညီမျှမှုပေါ် အခြေပြုပြီး ရန်ဘက်အသွင်နဲ့ ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီမညီမျှမှုကို အစိုးရဆိုတဲ့ ဖိနှိပ်ရေးယန္တရားအသစ် ဖန်တီးပြီး ထိန်းထားလို့သာ တည်တံ့နေတာဖြစ်တယ်။ သို့သော် မည်မျှပင် ဖိနှိပ်ထားပါစေ ရန်ဘက်အသွင်မို့ ဖိနှိပ်သူကလည်း အစဉ်ဖိနှိပ်ဖို့ ကြိုးစားနေသလို ဖိနှိပ်ခံကလည်း ဖိနှိပ်မှုကို တွန်းလှန်ဖို့ အစဉ်ကြိုးစားနေတာ ဖြစ်တယ်။ တိုက်ပွဲသဏ္ဌာန်တွေမျိုးစုံ အချိန်တိုင်းရှိနေတာက ဒီရုန်းကန်မှုတွေရဲ့ ထင်ဟပ်ချက်ပဲ။ နည်းနည်းဖိနှိပ်ရင် နည်းနည်းတော်လှန်မယ်၊ ဖိနှိပ်မှုသဏ္ဌာန်မြင့်ရင် ရုန်းကြွမှုလည်း မြင့်လာတာ နိယာမပဲ။

ကပ်ပါးကောင် ဖိနှိပ်သူတွေဟာ အသက်ရှင်သန်ရေးအတွက်သာ မဟုတ်ဘဲ ဇိမ်ခံဖို့အထိပါ သွေးစုပ်လာတယ်။ မှီခိုသူလူတန်းစားပီပီ သူတို့ဟာ လုံခြုံမှုမရှိဘူး။ ဒီမလုံခြုံမှုကို ဖြေဖျောက်ဖို့ ဥစ္စာဓနကို အသည်းအသန် စုဆောင်းလာတယ်။ ဖိနှိပ်သူအချင်းချင်းကြားမှာလည်း တောရိုင်းဥပဒေလို လည်သူစားစနစ်မို့ အမြဲယှဉ်ပြိုင်နေရတယ်။ မယှဉ်ပြိုင်နိုင်တဲ့အချိန် ကျဆုံးမှာပဲ။ ဒါကလည်း စိတ်မလုံခြုံမှု နောက်တမျိုးပဲ။ ဒီအတွက် အမြတ်ရရေးကို သူ့ထက်ငါသာအောင် ကြိုးစားပြီး ရှင်သန်ဖို့ ကြိုးစားနေကြရတယ်။ ဒီလို အမြတ်များများရဖို့ ကုပ်သွေးစုပ်မှုကို အပြိုင်အဆိုင် အစွမ်းကုန် အရက်စက်ဆုံး လုပ်လာကြရတဲ့ အခြေဆိုက်ပြီး အဖိနှိပ်ခံတွေနဲ့ ဖိနှိပ်ရင်း ဖိနှိပ်ရင်း မနိုင်တဲ့အဆုံး လက်နက်ကိုင်အကြမ်းဖက်မှုကို ရွေးချယ်လာကြတော့တာပဲ။

ဒီလို လက်နက်ကိုင်အကြမ်းဖက် ဖိနှိပ်မှုကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ လက်နက်ကိုင်ပြီး အကြမ်းဖက် ဖိနှိပ်တာကို လက်နက်ကိုင်ပြီး အကြမ်းဖက် တော်လှန်တာသည်သာလျှင် အကောင်းဆုံး ရွေးချယ်မှုပဲ။ တခြားရွေးချယ်စရာ မရှိဘူး။ ရှိခဲ့ရင် ပိုကောင်းတဲ့အရာကို ရွေးမှာပဲ။ ဒါပေမဲ့ ခုချိန်ထိ မရှိသေးဘူး။ မပေါ်လည်း မပေါ်သေးဘူး။ ဒီတော့ မလွှဲမရှောင်သာဘဲ ဒီလက်နက်ကိုင်လမ်းစဉ်ကို ဖိနှိပ်ခံတွေဟာ ရွေးချယ်ရတာပဲ။ ဒီအခြေအနေကို ဖိနှိပ်သူတွေကိုယ်တိုင် တွန်းပို့ခဲ့တာပဲ။ ၂၀၂၁ အာဏာသိမ်းပြီး တိုက်ပွဲသဏ္ဌာန်တွေ တဖြည်းဖြည်း ပုံစံပြောင်းလာပြီး နောက်ဆုံး တိုက်ပွဲရဲ့ အမြင့်ဆုံးသဏ္ဌာန်ဖြစ်တဲ့ လက်နက်ကိုင်တိုက်ပွဲဆီ ရောက်လာခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လေ့လာရင် သိနိုင်မယ်။ အဖိနှိပ်ခံလူထုဘက်က ဒီအကြမ်းဖက်မှုကို ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ စစ်အုပ်စုကိုယ်တိုင် ဒီလမ်းဆီတွန်းပို့ပြီး ကိုယ့်သေတွင်း ကိုယ်တူးခဲ့တာပဲ မဟုတ်လား။

ဒီတော့ ရုပ်အခြေအနေတွေက တွန်းပို့လို့ ဒီလက်နက်ကိုင်တိုက်ပွဲကို ရွေးချယ်ခဲ့ကြပြီးပြီ ဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြပြီဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ တနည်းအားဖြင့် စစ်ပဲ။ စစ်ရဲ့ အနိဋ္ဌာရုံတွေဟာ လူသားသမိုင်းမှာ ကြုံတွေ့ရလွန်းလို့ ပြစရာသက်သေ သာဓကတွေ အများကြီးပဲ ဖြစ်တယ်။ ဒါတွေ သိသိကြီးနဲ့ ဘာလို့ရွေးချယ်ရသလဲဆိုရင် တခြားရွေးချယ်စရာ မရှိလို့ပါလို့ ထပ်မံပြောပါရစေ။ ဒီမှာ တပါတည်း သိရမှာက အဆုံးရှုံး အပျက်စီး အများဆုံးအရာကို ရွေးမိလျက်သားမို့ ကလေးကစားသလို ပေါ့ပေါ့လျော့လျော့ မလုပ်ဖို့ဘဲ။ ထောင်မြင်လို့ ရာစွန့်ရပေမဲ့ အဲ့ဒီ ရာဆိုတဲ့အထဲမှာ ဘဝပေါင်း အထောင်အသောင်း အသိန်းအသန်းရှိနေတာ သတိပြုရပါမယ်။ လမ်းတဝက်က လှည့်ပြန်လို့ မရတာလည်း သိထားရမယ်။ ဘာကြောင့်လဲဆို ဒီလမ်းစဉ်ကို စတင်ရွေးချယ်လိုက်စဉ်ကတည်းက တင်ကြိုပြီး ဘဝတွေ အသက်တွေ ရင်းနှီးထားရပြီးဖြစ်လို့ပဲ။ ရွေးချယ်ခဲ့စဉ်မှာရော လျှောက်လှမ်းနေစဉ်မှာပါ အချိန်တိုင်း လူထုဘဝကို အရင်းအနှီးပြု တိုက်နေရတာမို့ အရင်းမရှုံးအောင် ဆုံးခန်းတိုင်အောင် ဆင်နွှဲဖို့ လိုပါတယ်။ ဒီအတွက် ပိုင်းဖြတ်မှုရှိဖို့ လိုပါတယ်။ တပ်ဦးလို့ ခံယူထားသူတွေအနေနဲ့ ပိုင်းဖြတ်မှုရှိရှိ ပြည်သူ့စစ်ပွဲကို ခေါင်းဆောင်မှုပေးဖို့ လိုပါတယ်။ အတွေးအခေါ် သဘောတရား ခိုင်မာပြီး ပကတိအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ပြီး ချမှတ်တဲ့အတိုင်း တိုက်ပွဲကို အကောင်ထည်ဖော်နိုင်ဖို့ ခေါင်းဆောင်ဖို့ လိုပါတယ်။ တော်လှန်ရေးကို ဆင်နွှဲပြီဆိုရင် တော်လှန်သဘောတရား ရှိဖို့လိုတယ်။ တော်လှန်ရေးသဘောတရား မရှိဘဲ တော်လှန်ရေးဆိုတာ မရှိဘူးလို့ ရဲဘော်လီနင်က အတိအလင်း ပြောထားဖူးတာ အလကားမဟုတ်ဘူး။ သူကိုယ်တိုင် တော်လှန်ရေးကို လက်တွေ့ ခေါင်းဆောင်မှုပေးပြီး ထွက်လာတဲ့ ရုပ်ကျတဲ့ သဘောတရားပဲ။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း လက်နက်ကိုင် တော်လှန်ရေးဟာ အရင်းအနှီး ကြီးမားတဲ့အတွက် ပကတိအခြေအနေနဲ့ ကိုက်ညီမယ့် တော်လှန်ရေးသဘောတရားတရပ်ကို မြဲမြဲစွဲစွဲ လက်ကိုင်ထားပြီး ဒီသဘောတရားကိုပဲ လုပ်ငန်းလမ်းညွှန်အဖြစ် ပိုင်းဖြတ်မှုရှိရှိ အကောင်အထည် ဖော်ကြဖို့ လိုပါတယ်။ ပိုင်းဖြတ်မှုမရှိဘဲ တော်လှန်ရေးဆင်နွှဲရင် အချိန်ကာလ ကြာမြင့်လေ အဆုံးအရှုံးများလေပဲ ဖြစ်တယ်။

ဖိနှိပ်သူစစ်အုပ်စုဟာ လူထုဆီက အနှစ်နှစ်အလလက ကုပ်သွေးစုပ်လာတဲ့ ဥစ္စာဓနနဲ့ ဝယ်ယူဖြည့်တင်းထားတဲ့ စစ်တပ်ကို အသုံးပြုပြီး တိုက်တယ်။ ဖိနှိပ်ခံတွေဘက်က ဒီလူထုကြီးကိုပဲ အရင်းပြု မှီခိုပြီး တိုက်ကြတယ်။ ဒါကြောင့် ပြောရရင် နှစ်ဖက်စလုံးက လူထုဆီကငွေကို သုံးနေကြတာမို့ တိုက်ပွဲကြာလေ လူထုက နာလေပါပဲ။ ထပ်ပြီးပြောရရင် အကြမ်းဖက် ဖိနှိပ်သူ စစ်အုပ်စုနဲ့ တော်လှန်ရေးဘက်တော်သား သည်နှစ်ဖက်မယ် လက်နက်နဲ့ စုဖွဲ့မှု နှိုင်းယှဉ်ချက်အရ စစ်အုပ်စုက သာနေတာမလို့ မမျှတဲ့ပွဲမှာ မဟာဗျူဟာ၊ နည်းနာ သေချာမသုံးရင် ကြာလေ ခံရလေနဲ့၊ ချည့်နဲ့ ပျောက်ကွယ်သွားမှာပဲဖြစ်တယ်။ ဒီလိုသာ ရှုံးသွားရရင် ရင်းထားရတဲ့အသက်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိုးအိမ်စည်းစိမ်တွေနဲ့ သေကွဲ၊ ရှင်ကွဲ ပျက်စီးရတဲ့ မိသားစုဘဝတွေဟာ သက်သက် အရှုံးခံလိုက်ရတဲ့ အရင်းတွေပဲ ဖြစ်သွားမှာပါ။

ဒါကြောင့် ကျနော်တို့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ တပ်ဦးလို့ ခံယူထားသူတွေဟာ ကိုင်စွဲစရာ တော်လှန်ရေးသဘောတရား ရှိနေပြီလား၊ ရှိရင်ရော ဒီသဘောတရား လမ်းညွှန်မှုကို လုပ်ဟန်အထိ ပြောင်းနေပြီလား၊ လက်နက်ကိုင်တော်လှန်ရေးကို လူထုက ရွေးချယ်လိုက်လို့သာ တရွတ်တိုက်ပါလာတဲ့ လူထုနောက်မြီးဆွဲလား၊ လူထုကြီးကိုယ်တိုင်က မေးခွန်းထုတ်ဖို့ လိုနေပါပြီ။

ထွန်းတင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024