ကရင်နီ(ကယား)ပြည်နယ် မော်ချီးဒေသက ခဲသတ္တုကျင်းတခုမှာ အောက်စီဂျင်ပြတ်တောက် မှုကြောင့် ဒေသခံ ကလေးတယောက်အပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးသွားခဲ့ပါတယ်။
မော်ချီး၊ ညောင်ပင်ဘက်မှာရှိတဲ့ ခဲလုပ်ကွက်တခုမှာ စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ခဲတူးဖို့ ကျင်းထဲ ဝင်ရောက်ခဲ့တဲ့ သူတွေဟာ အောက်စီဂျင်ပြတ်လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ကျင်းထဲမဝင်ခင် လေစက်ဖွင့်ခဲ့ပေမဲ့ လေပိုက်ပြုတ်တာ မသိခဲ့သလို အသက် ၁၀ နှစ်ကျော်အရွယ် အငယ်ဆုံးကောင်လေးက ကျင်းဝေးထဲကျသွားလို့ သူ့ဖခင်ဖြစ်သူက ဝင်ဆင်း ကယ်ဖို့ကြိုးစားရင်း သေဆုံးသွားသလို ကျန်သူတွေလည်း လိုက်ကယ်ရင်း အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တာလို့ သေဆုံးသူ မိသားစုဝင်တဦးက ပြောပါတယ်။
သေဆုံးသူတွေဟာ သက် ၁၃ နှစ်ကနေ ၄၀ ကျော် အကြား အမျိုးသားတွေဖြစ်ပြီး သူတို့ရဲ့ အလောင်းတွေကို ကျင်းပြင်ကို ပြန်ဆွဲထုတ်နိုင်ခဲ့ကာ လာမယ့်စနေနေ့မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်ချီးဒေသရဲ့ တောင်ပေါ် ရပ်ကွက်အနီး မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ်နဲ့ တဲတချို့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ခဲ့ပါတယ်။
မြေပြိုတဲ့နေရာဟာ ဒေသခံတွေ လုပ်ကိုင်ကြတဲ့ ခဲလုပ်ကွက်နေရာတွေဖြစ်ပြီး လုပ်ကွက်အနီးမှာ တဲဆောက်ပြီး နေထိုင်ကြသူတွေတော့ အထိအခိုက်မရှိပေမဲ့ နေအိမ်နဲ့ တဲ အလုံး ၂၀ ကျော် ပျက်စီးသွားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။