ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ စက်တင်ဘာ ၁၉ ရက်ကစပြီး သုံးရက်ဆက်တိုက် အနည်းငယ် ပြန်လည်ကျဆင်းခဲ့တယ်လို့ စျေးကွက်ကနေ သိရပါတယ်။
စက်သုံးဆီဈေးနှုန်းဟာ စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ စက်သုံးဆီဆိုင်တွေရဲ့ ရည်ညွှန်းဈေး အောက်တိန်း-92 တလီတာ ၂,၄၄၀ ကျပ်၊ အောက်တိန်း-95 တလီတာ ၂,၅၆၀ ကျပ်၊ ဒီဇယ်တလီတာ ၂,၆၅၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂,၇၂၅ ကျပ်နဲ့ ရောင်းချခဲ့ပြီး အဲဒီစျေးဟာ ပြည်တွင်းစက်သုံးဆီဈေး သမိုင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်ကစပြီး စက်သုံးဆီဈေး တဖြည်းဖြည်း ပြန်ကျလာခဲ့ပြီး ဒီနေ့မှာ တလီတာကို စက်တင်ဘာ ၁၈ ရက်ကထက် အောက်တိန်း-92 က ၁၁၀ ကျပ်၊ အောက်တိန်း-95 က ၁၃၀ ကျပ်၊ ဒီဇယ်ဆီက ၁၂၀ ကျပ်နဲ့ ပရီမီယံဒီဇယ်က ၁၁၅ ကျပ်စီ ဈေးကျသွားတာ ဖြစ်ပါတယ်။
အခုလို ပြည်တွင်းစက်သုံးဆီဈေးကျတာဟာ ကမ္ဘာ့ရေနံစိမ်းစျေး ပြန်ကျလာတဲ့အတွက်ကြောင့် ဖြစ်ပြီး ဆက်ကျ၊ မကျဆိုတာ တပ်အပ်မပြောနိုင်သေးဘူးလို့ ဈေးကွက်လေ့လာနေသူတွေက ဆိုပါတယ်။
စက်သုံးဆီ ဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “ကမ္ဘာ့ဈေးက မငြိမ်တော့ မှန်းရခက်တယ်။ မနေ့က ကမ္ဘာ့ရေနံစိမ်းစျေးက ဒေါ်လာ ၉၀ အောက် ပြန်ရောက်ပြီး ဒီနေ့ ၉၀ စွန်းစွန်း ပြန်ဖြစ်တော့ ပြည်တွင်းစျေးက ပြန်တက်မလား၊ တန့်နေမလား မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
ကမ္ဘာ့ရေနံစိမ်းဈေးဟာ စက်တင်ဘာ ၁၈ ရက်က တစည်ကို ၉၁ ဒေါ်လာနီးပါး ရှိခဲ့တာဖြစ်တယ်လို့ ဈေးကွက်မှတ်တမ်းတွေအရ သိရပါတယ်။