ဂျာမန်ရဲတပ်ဖွဲ့ဟာ စက်တင်ဘာ ၂၀ ရက်က ပိုလန်နယ်စပ်အနီး သစ်တောထဲမှာ ဗင်ကားတစီးရဲ့ နောက်ပိုင်းထဲမှာ ထိုးသိပ်လိုက်ပါလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၀ ကို တွေ့ရှိခဲ့ပါတယ်။
စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက ပိုလန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဖက်ဒရယ်ပြည်နယ် ဘရန်ဒန်ဘာ့ဂ်ပြည်နယ်မှာ ရဲတပ်ဖွဲ့က အားလုံးပေါင်း ဖမ်းဆီးမိသူ လူပေါင်း ၁၀၈ ဦးရှိပြီး အများစုဟာ ဆီးရီးယားက ဖြစ်ကြပါတယ်။
အယောက် ၃၀ ဆိုတဲ့ လူအများကြီးကို ဒီလောက် ဗင်ကားလေးထဲမှာ ထည့်မောင်းလာတာကြောင့် မှောင်ခိုသမားတွေ လုပ်နေတာတွေက အန္တရာယ်ရှိနေတယ်လို့ စုံထောက်အကြီးအကဲ ဖရန့်ခ် မာလက်ခ်က ပြောပါတယ်။
အတွင်းပိုင်းထဲကို ကြည့်လိုက်ရင် အဲဒီယာဉ်က မလုံခြုံနေဘဲ ကားမောင်းနေတဲ့ပုံစံကလည်း နောက်ကျောက ခရီးသည်တွေကို ဂရုမစိုက်ဘဲ သူ့ကိုယ်သူပဲ ဂရုစိုက်နေတာ သိသာနေတယ် လို့လည်း ဆိုပါတယ်။ ရှိသလောက် ပစ္စည်းအင်အား၊ ဝန်ထမ်းအင်အားနဲ့ မှောင်ခိုသမားတွေကို တတ်နိုင်သလောက် ဖမ်းဆီးမိဖို့ ကြိုးစားခဲ့ကြောင်းလည်း သူက ပြောပါတယ်။
ဂျာမန်အစိုးရဟာ လက်ရှိမှာ မှားနိုင်သမျှ အမှားအယွင်းတွေ လုပ်နေတယ်ဆိုပြီး ဂျာမန် ဖက်ဒရယ်ရဲတပ်ဖွဲ့ သမဂ္ဂဥက္ကဋ္ဌ ဟိုက်ကို တဂ်ဂါ့ဇ်က ဂျာမန်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ဂျာမနီနယ်စပ်တွေမှာ ယာယီ နယ်စပ်ထိန်းချုပ်မှုတွေ လုပ်ပေးဖို့ တခြား အီးယူအဖွဲ့ဝင် နိုင်ငံတွေကို သူက တောင်းဆိုခဲ့ပါတယ်။
ပိုလန်နဲ့ ချက်သမ္မတနိုင်ငံ နယ်စပ်တွေမှာ ဖြစ်နေတဲ့ ဒီအခြေအနေတွေကို အတိအကျ သတိပေးနေခဲ့ရတာ လနဲ့ချီ ကြာနေပါပြီလို့လည်း ပြောပါတယ်။
ရွှေ့ပြောင်းအခြေချမှုနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုတွေဟာ ဥရောပမှာ အရှိန်မြင့်တက်နေပါတယ်။
မကြာသေးခင်က အီတလီကျွန်းငယ်လေး လမ်ပီဒူဆာကို ရွှေ့ပြောင်းနေထိုင်သူ ၁,၀၀၀ ကျော် ရောက်ရှိလာပြီးနောက်မှာ ဂျာမနီဟာ အီတလီကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေကို ခေါ်ယူဖို့ သဘောတူညီချက်ကို ပြီးခဲ့တဲ့သီတင်းပတ်က ဆိုင်းငံ့ထားလိုက်ပါတယ်။
Source/Photo-Reuters