Home
မြန်မာသတင်း
ဒလမြို့နယ်၌ ကမ်းပါးပြိုပြီး လူနေအိမ်အချို့ ရေထဲမျောပါ၊ အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
September 21, 2023
Dala flood04_21092023
Dala flood03_21092023
Dala flood02_21092023
Dala flood01_21092023

ရန်ကုန်တဖက်ကမ်း၊ ဒလမြို့နယ်မှာ စက်တင်ဘာ ၂၀ ရက် ညနေက ကမ်းပါးပြိုကျပြီး လူနဲ့ နေအိမ်တချို့ ရေထဲမျောပါသွားကာ အမျိုးသမီး ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရသွားတယ်လို့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

မနေ့ညနေ ၅ နာရီခွဲလောက်က ဒလမြို့နယ်၊ ဆာပါချောင် ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးမှာ ကမ်းပါးပြိုပြီး နေအိမ် ၆ လုံး ရေထဲမျောပါသွားတာ ဖြစ်ပါတယ်။

နေအိမ်နဲ့အတူ အမျိုးသမီး ၂ ဦး ရေထဲမျောပါသွားလို့ ရှာဖွေကယ်ဆယ်ခဲ့ရာ ပြန်လည်ဆယ်ယူရရှိတဲ့ အမျိုးသမီး ၁ ဦးက ထိခိုက်ဒဏ်ရာ စိုးရိမ်ရလို့ ဒလဆေးရုံ ပို့ဆောင်စဉ် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီး ၁ ဦးကတော့ ထိခိုက်ဒဏ်ရာ မစိုးရိမ်ရဘူးလို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

မနေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတက်တဲ့အရှိန်နဲ့ ကမ်းပါးပြိုကျခဲ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ဒလမြို့ခံတဦးက ပြောပါတယ်။

“စက်လှေတွေ၊ ပဲ့​ထောင်​တွေနဲ့လည်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်။ အိမ်ဘယ်နှလုံး ပါသွားလဲ ဆိုတာတော့ သေချာမသိသေးဘူး။ လူတွေပါမပါ ရှာနေကြတယ်။”

ဒလမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီ ဆောင်ရွက်နေပြီး မျောပါသွားတဲ့ နေအိမ်တွေနဲ့ အနီးနားဝန်းကျင်ရှိ နေအိမ် ၈၀ လောက်က မိသားစုတွေကို ရေဘေးလွတ်ရာ တာကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းနဲ့ ကျန်စစ်သားရပ်ကွက် အောင်တော်မူဘုန်းတော်ကြီးကျောင်းကို ကူညီရွှေ့ပြောင်းပေးထားပါတယ်။

မနေ့ညပိုင်းအထိ အိမ်ထောင်စုပေါင်း ၆၈ စုရှိ အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၅၉ ဦး စုစုပေါင်း ၂၉၇ ဦးတို့ကို ရေဘေးလွတ်ရာ တာကြီးရပ်ကွက်ရှိ ပုညာရာမဘုန်းကြီးကျောင်းကို ရွှေ့ပြောင်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo-MFSD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024