မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ဂန့်ဂေါ PDF ရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းတွေကို စိုင်ဒူးရွာတောင်ဘက် မြစ်သာမြစ်အတွင်း ဒေသအခေါ် ရေပုတ်ရှင်းအနီးမှာ စက်တင်ဘာ ၁၇ ရက်က တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ ဦးကို ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ မှ စစ်ကောင်စီ တပ်သားတွေက စစ်ကြောရေးမှာ စစ်ဆေးပြီးနောက် မိုးကောင်းသုသာန်မှာ ပစ်သတ်ပြီး မြစ်ထဲမျှောချတာလို့ ဒေသခံ PDF ရဲဘော်တဦးက ပြောပါတယ်။
“အမျိုးသားရဲဘော်တယောက်နဲ့ အမျိုးသမီးရဲဘော်တယောက် ဖမ်းခံရတာဗျ။ စစ်ကြောရေးရောက်ပြီး နောက်ရက်မှာ မိုးကောင်းသုသာန်ကို ခေါ်ဆောင်သွားတယ်လို့ ကြားတယ်ဗျ။ အဲ့ဒီမှာ သေနတ်သံ ၃ ချက်လောက် ကြားလိုက်ရတာ။ ကျနော်တို့က အလောင်းကိုတွေ့တော့ အလောင်းက ပုပ်ပွနေပြီ။ မျက်နှာတွေကအစ ဓားနဲ့မွှမ်းထားတာ။”
အဆိုပါရဲဘော် ၂ ဦးဟာ စက်တင်ဘာ ၉ ရက် နေ့ခင်း ၂ နာရီဝန်းကျင်က ခေါက်ခူရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ကင်းထောက်သွားရင်း စစ်ကောင်စီတပ်ရဲ့ ဝိုင်းဖမ်းတာကို ခံခဲ့ရတာပါ။
ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေဟာ နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေနဲ့ ရဲဘော်တွေ အများစုကို သတ်ဖြတ်ပြီး မြစ်ထဲမျှောချလေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်ဖြစ်ပြီး ဒေသဆိုင်ရာ အမှုတွေကို စစ်ခုံရုံးကနေ စစ်ဆေးဆောင်ရွက်ခွင့် ရထားပါတယ်။