စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အညွန့်ရွာမှ ပေါက်တောအရှေ့ရွာကို ထွက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ MSPDF က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့မှာ တော်လှန်ရေးအင်အားစုဘက်က ကြားဖြတ်တိုက်ခိုက်ပြီး ပြန်ဆုတ်ခွာချိန်မှာ ဆွဲမိုင်း ၄ လုံး ဆွဲခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး ကျဆုံးခဲ့တယ်လို့ MSPDF တာဝန်ခံက ပြောပါတယ်။
“ဒီတခေါက်တိုက်ပွဲရဲ့ အခက်အခဲက ရေကြီးနေတော့ ရေတွေကို ဖြတ်ရတာပါ။ လမ်းလျှောက်ကူးရတာပါ။ တချို့နေရာမှာက စက်လှေနဲ့ သွားနေရတုန်း။ စစ်ကြောင်းထိုးတာ နီးတဲ့ရွာတွေက အမြဲရှောင်ရတယ်။ ဒီကောင်တွေက လူစိတ်မရှိဘူးလေ။ အပြစ်မဲ့ပြည်သူတွေလည်း ဖမ်းပြီး နှိပ်စက်သတ်ဖြတ်နေကြတာ။”
စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက် ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်တော အနောက်ကျေးရွာရှိ သိမ်ကျောင်းဆောင် အပါအဝင် သိမ်ကျောင်းဆောင်ထဲရှိ ဆန်အိတ် ၂၅၀၊ ဆီ ၅၀ ပိဿာနဲ့ ကြက်သွန်အိတ်တွေ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဘုရားမှာထားထားတဲ့ ဆန်အိတ် ၂၅၀ က စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေကို ပြန်လှူဖို့ အိတ်တွေပါလို့ MSPDF တာဝန်ခံက ဆက်ပြောပါတယ်။ လက်ရှိအချိန်မှာ အာဏာသိမ်းစစ်တပ်က မြောင်မြို့နယ်ထဲရှိ မရိုးကုန်းရွာမှာ တပ်စွဲထားပါတယ်။
အခုစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်တပ်ရင်း-၄ (Myaung Special People Defence Force) နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း-၃၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း-၅၊ မန္တလေးခရိုင်တပ်ရင်း-၆၊ ညောင်ဦးခရိုင်တပ်ရင်း-၁ တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှာလည်း စားနပ်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်ကလည်း အင်မထီးပျူရွာကနေ စတင်ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံကာကွယ် ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။
ပုလဲသခင်ဒေါင်ညို့အဖွဲ့တာဝန်ရှိသူက “စစ်ကြောင်းက မင်းတိုင်ပင်ဘုန်းကြီးကျောင်းက ဆန်အိတ် ၄၀ ကျော်ကို စက်တင်ဘာ ၁၇ က နွားလှည်း ၁၂ စီးနဲ့သယ်ပြီး ဇီးဖြူကုန်းရွာကို ပို့တယ်။ အဲဒီလို ပို့တာကို ကျနော်တို့ အဖွဲ့က ကြားဖြတ်တိုက်တာ။ မနက် ၁၁ နာရီ လောက်ရောက်တော့ ဇီးဖြူကုန်းပျူရွာကနေ စစ်ကူလာပေးတယ်။ တိုက်ပွဲကတော့ ထိပ်တိုက် တွေ့တဲ့ တိုက်ပွဲပဲ။ သူ တို့စစ်ကြောင်း နှစ်ကြောင်းပေါင်းပြီး ရိက္ခာတွေ သယ်သွားတယ်” လို့ ပြောပါတယ်။
အဆိုက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အကျဆုံးတော့ အတိအကျမသိရသေးကြောင်း၊ အရင်တိုက်ပွဲမှာ ပျောက်နေတဲ့ တပ်ကြပ်ကြီးအဆင့်ရှိတဲ့ PDF ရဲဘော် တယောက်ကိုတော့ ပြန်ကယ်လာနိုင်ပြီး အဆိုပါ ရဲဘော်က ပေါင်မှာ ကျည်တချက်၊ ခြေသလုံးမှာ ကျည်တချက် ဒဏ်ရာရခဲ့လို့ အခုတော့ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ သယ်နေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတာ စက်တင်ဘာ ၁၇ ရက်အထိ ၇ ရက်ရှိနေပြီလို့ ပုလဲစစ်ဘေးရှောင်သူက ပြောပါတယ်။