ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ သာယာဝတီ၊ ပြည်နဲ့ ဇီးကုန်းရှိ ကျေးရွာတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ကွင်းရေတက်တာကြောင့် လယ်ကွင်းတွေ ရေမြုပ်ပြီး စပါးပင်တွေ ပျက်စီးခဲ့တယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။
ပဲခူးအနောက်ခြမ်းရှိ ကျေးရွာတွေမှာ စက်တင်ဘာအစတည်းက မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အပြင် ဧရာဝတီမြစ်ရေလည်း တက်လာတာကြောင့် ရေထွက်ပေါက်တွေက ရေထွက်နည်းပြီး စပါးခင်းတွေ ပျက်စီးခဲ့ပါတယ်။
သာယာဝတီရှိ စပါးစိုက်တောင်သူတဦးက “ပဲခူးအနောက်ဘက် အနိမ့်ပိုင်းရှိ စပါးခင်းတွေ အကုန်မြုပ်ပြီး ပျက်စီးတယ်။ တချို့လယ်တွေကြတော့ ရိတ်သိမ်းခါနီးမှ မြုပ်တာ၊ တချို့ကြတော့ စပါးနှံထွက်ခါစ မြုပ်တာ။ ရေထွက်ပေါက်အနေနဲ့ စိုက်ပျိုးရေး တူးမြောင်းတွေ ရှိပေမဲ့ မိုးများတော့ ကွင်းရေကတက်၊ မြစ်ရေကလည်းတက် ဆိုတော့ ရေအထွက်နည်းသွားတယ်။ ရေထွက်နည်းတော့ စပါးခင်းတွေ ပိုပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။
စပါးပင်တွေဟာ မကြာခင် ရိတ်သိမ်းရတော့မှာဖြစ်ပေမဲ့ မိုးသည်းထန်စွာရွာပြီး ရေနစ်မြုပ်နေတာကြောင့် ရိတ်သိမ်းမရတော့ဘဲ ပျက်စီးမှုတွေရှိနေတယ်လို့ တောင်သူတဦးက ပြောပါတယ်။
“စပါးတွေက ရိတ်ရတော့မှာ၊ အခုက နည်းနည်းပျက်စီးတာမဟုတ်ဘူး၊ အကုန်လုံးပျက်စီးသွားတာ။ စပါးပင်ရေမြုပ်လို့ စပါးပင်တခုတည်း ဆုံးရှုံးသွားတာမဟုတ်ဘူး။ ထွန်ယက်ခ၊ မျိုးစေ့၊ အလုပ်သမားခတွေ၊ မြေသြဇာနဲ့ ပိုးသတ်စျေးတို့ပါ တွက်ကြည့်ရင် ဆုံးရှုံးမှုတန်ဖိုး မနည်းဘူး။ ပါးစပ်နားရောက်ခါနီးမှ ပုတ်ချခံရသလိုပဲ။”
ပဲခူးအနောက်ခြမ်းရှိရွာတွေမှာ ကျေးရွာဥက္ကဋ္ဌတွေက လယ်ပျက်စာရင်းတွေ စတင်ကောက်ခံနေပေမဲ့ ရေမကျသေးတာကြောင့် အတိအကျ မသိရသေးဘူးလို့ နီးစပ်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လယ်ကွင်းတွေ ရေနစ်မြုပ်ပြီး စပါးပင်တွေ ပျက်စီးခဲ့ပါသေးတယ်။
သြဂုတ်လမှာလည်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်ရွာပြီး ရေကြီးရေလျှံဖြစ်တာကြောင့် ရခိုင်ပြည်နယ်မှာ စပါးဧက ၇ သောင်းကျော်နဲ့ မွန်ပြည်နယ်မှာ စပါးဧက ၁ သိန်းကျော် ရေနစ်မြုပ် ပျက်စီးခဲ့ပါတယ်။