ကမ္ဘာမှာ ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ဆန်ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပြီးနောက် ကမ္ဘာ့ဆန်ဖြန့်ဖြူးရေး အခြေအနေ အကျပ်အတည်းဆိုက်ချိန်မှာ ဆန်ထုတ်လုပ်တဲ့ ထိုင်းနိုင်ငံက လယ်သမားတွေဟာ ကမ္ဘာ့ဆန်ဈေးတက်တာကို အခွင့်ကောင်းယူဖို့ သီးနှံအထွက်တိုးရေး အပြေးအလွှား လုပ်ဆောင်နေကြပါတယ်။
ပုံမှန်အချိန်တွေမှာ တနှစ်အတွင်း အဓိက စပါးစိုက်ရာသီ နှစ်ရာသီရှိပြီး စိုက်ပျိုးရေကို ထိန်းသိမ်းဖို့ နှစ်လယ်ပိုင်းမှာ စပါးစိုက်တာကို တောင်သူတွေက ရှောင်ကြဉ်ကြပါတယ်။
ဒါပေမဲ့ အခုနှစ်မှာ စပါးစိုက်တောင်သူတွေဟာ စပါးအထွက်နှုန်း တိုးစေဖို့ တတိယအကြိမ်မြောက် စိုက်ပျိုးနိုင်အောင် အားကုန်ညှစ်ထုတ် ကြိုးစားနေကြပါတယ်။
အိန္ဒိယနိုင်ငံက စပါးတင်ပို့မှုကို ရပ်ခိုင်းအပြီး ၁၅ နှစ်အတွင်း အမြင့်ဆုံးဆန်ဈေးကို မျှော်လင့်နေကြတာပါ။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဆန်စျေးညွှန်းကိန်းအရ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ဆန်စျေး ၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဆန်တင်ပို့တဲ့ ထိုင်းနိုင်ငံက လယ်သမားတွေအတွက် ရွှေရောင်အချိန်အခါအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ အယ်လ်နီညို ရာသီဥတုပုံစံကြောင့် ပုံမှန်အဆင့်တွေနဲ့စာရင် အခုနှစ်မှာ စပါးစိုက်တောင်သူတွေ အလွန်မှီခိုနေရတဲ့ မိုးရေချိန်က ၁၈ ရာခိုင်နှုန်း လျော့နည်းသွားတာပါ။
ဒါ့အပြင် လက်ရှိမှာ အရေးကြီးတဲ့ ရေလှောင်ကန်တွေမှာ ရေက စုစုပေါင်း သိုမှီးနိုင်တဲ့ ပမာဏရဲ့ ၅၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ရုံးက ဆိုထားပါတယ်။
Source/Photo-Reuters