တောင်ကိုရီးယားအစိုးရက နိုင်ငံခြားသား ကူညီထောက်ပံ့ရေးစင်တာတွေကို ထောက်ပံ့ငွေ ဖြတ်တောက်တဲ့အပေါ် ကန့်ကွက်ကြောင်း လက်မှတ်ထိုးလှုပ်ရှားမှုမှာ အဲဒီနိုင်ငံရောက် မြန်မာလုပ်သားတွေလည်း ပါဝင်လာကြတယ်လို့ မြန်မာလုပ်သားတွေထံက သိရပါတယ်။
အဲဒီလို ထောက်ပံ့ငွေဖြတ်တောက်မှုကို တောင်ကိုရီးယားရောက် နိုင်ငံခြားသားလုပ်သားတွေ ကန့်ကွက်နေကြတာဖြစ်ပြီး မြန်မာလုပ်သားတွေလည်း ပူးပေါင်းပါဝင်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတဦးက “ကမ်ပိန်းလှုံ့ဆော်မှုတွေလည်း ရှိတယ်။ အဲဒီမှာ ပူးပေါင်းပါဝင်ချင်တဲ့သူတွေ လက်မှတ်ထိုးဖို့ လုပ်ပေးထားတယ်။ စိတ်ဝင်စားသူတွေကတော့ ဝင်လက်မှတ်ထိုးကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
တောင်ကိုရီးယားအစိုးရက လာမယ့်နှစ်ကစပြီး နိုင်ငံခြားသား ကူညီထောက်ပံ့ရေး စင်တာတွေကို ဘတ်ဂျက်ငွေ ထောက်ပံ့မှု ဖြတ်တောက်မယ်ဆိုပြီး ကြေညာထားတဲ့အပေါ် တောင်ကိုရီးယား ပြည်သူတွေကိုယ်တိုင် ဝေဖန်မှုတွေ ရှိနေတယ်လို့ NUG အစိုးရရဲ့ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။
အဲဒီလို ထောက်ပံ့ငွေ ဖြတ်တောက်လိုက်တဲ့အတွက် စင်တာအသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား စကားပြန်တွေ အလုပ်အကိုင် ဆုံးရှုံးနိုင်သလို မြန်မာအလုပ်သမားတွေ အခက်အခဲ အကူအညီ တောင်းခံနိုင်မယ့်နေရာတွေ လျော့နည်းမှုနဲ့ ကြုံတွေ့လာရနိုင်တယ်လို့လည်း သူကပြောပါတယ်။
“အဲဒီထောက်ပံ့ငွေဖြတ်တောက်မှုရဲ့နောက်မှာ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ အပေါ်လည်း အနည်းနဲ့အများ ရိုက်ခက်မှုရှိတယ်” လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။
တောင်ကိုရီးယားအစိုးရက နှစ်စဥ် အဲဒီစင်တာတွေအတွက် ဝမ် ၇ ဘီလီယံကနေ ၈ ဘီလီယံကျော်အထိ ထောက်ပံ့ပေးနေခဲ့တာဖြစ်ပြီး နိုင်ငံတဝန်း နိုင်ငံခြားသား ကူညီထောက်ပံ့ရေးစင်တာ ၄၀ ကျော် ဖွင့်လှစ်ထားတယ်လို့ သတင်းတွေအရ သိရပါတယ်။
နိုင်ငံခြားသားကူညီရေး စင်တာတွေက အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး၊ ခွဲခြားဖိနှိပ် ဆက်ဆံခံရတာတွေ၊ လုပ်ခလစာ မရရှိတာတွေ စတဲ့ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာတွေကို ကူညီဆောင်ရွက်ပေးနေကြတာလို့ သိရပါတယ်။