ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက ဂျော်ဒန်နိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံကနေ နောက်ထပ် ရောက်လာမယ့် ဒုက္ခသည်တွေကို လက်ခံဖို့နဲ့ ပြုစုစောင့်ရှောက်ဖို့ စွမ်းရည်နဲ့ အရင်းအမြစ်တွေ မရှိတော့ဘူးလို့ စက်တင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
ဂျော်ဒန်ဘုရင်က“ဆီးရီးယားဒုက္ခသည်တွေရဲ့ အနာဂတ်က အိမ်ရှင်နိုင်ငံတွေမှာ မဟုတ်ဘဲ သူတို့နိုင်ငံမှာပဲ ရှိတယ်။ ဒါပေမဲ့ သူတို့ မပြန်နိုင်မချင်း သူတို့ဘက်ကနေ ကျနော်တို့ အားလုံးလုပ်မှဖြစ်မယ်” လို့ နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်ပြီး လူဦးရေ ၁၁ သန်းသာရှိတဲ့ ဂျော်ဒန်နိုင်ငံဟာ ဆီးရီးယား ဒုက္ခသည် ၁ ဒသမ ၃ သန်းကို လက်ခံထားရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ကိုးကားပြီး အေပီသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters