အီကွေဒေါနိုင်ငံက ငှက်သေ ၃ ကောင်မှာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတာကို စမ်းသပ်တွေ့ရှိပြီးနောက် အာဏာပိုင်တွေဟာ ဂါလားပါဂိုစ်ကျွန်းစုက ရှားပါးမျိုးစိတ်တွေကို ကာကွယ်ဖို့ အစီအမံတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
တာဝန်ရှိသူတွေဟာ ရက်သတ္တပတ်ကျော်လောက်က ဖျားနာနေတဲ့ ငှက်တွေကို တွေ့ရှိပြီးနောက်မှာ နမူနာကောက်ယူဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်ခဲ့ပါတယ်။
ပဏာမရလဒ်တွေအရ H5N1 တုပ်ကွေးလို့ ဖော်ပြနေပြီး နမူနာတွေကို အတည်ပြုဖို့အတွက် ဂွါယာကီးလ်ကို ပေးပို့ခဲ့ကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။
ဂါလားပါဂိုစ် အမျိုးသားဥယျာဉ် ဒါရိုက်တာ ဒန်နီရူဒါက“ငှက်တွေ အစုလိုက်သေဆုံးမှုဟာ ဝမ်းနည်းစရာကောင်းပြီး ငှက်တွေ သိသိသာသာ ထိခိုက်ခဲ့ကြောင်း တွေ့ရှိခဲ့တဲ့နေရာတွေကို အမြဲမပြတ် စောင့်ကြည့်နေပါကြောင်း” ပြောပါတယ်။
ဘေးသင့်နေရာတွေကို ဧည့်သည်တွေ လာရောက်လည်ပတ်ခွင့် ပိတ်ထားပြီး တခြား တိုးရစ် ခရီးသွားတွေအတွက် ဖွင့်ထားဆဲနေရာတွေမှာတော့ တင်းကျပ်တဲ့ ဇီဝလုံခြုံရေး အစီအမံတွေကို အကောင်အထည်ဖော်နေပါတယ်။
အဲဒီအစီအမံတွေထဲမှာ ခရီးသွားဧည့်သည်တွေ အလာများတဲ့နေရာတွေမှာ ဖိနပ်သန့်ရှင်းရေးနဲ့ ပိုးသတ်ဆေးတွေ ဖျန်းတာတွေလည်း ပါဝင်ပါတယ်။
ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ၊ ဧည့်လမ်းညွှန်တွေနဲ့ အစည်းအဝေးလုပ်ခဲ့ပြီး ဇီဝလုံခြုံရေးဆိုင်ရာ ပရိုတိုကောလ်တွေကို အကောင်အထည်ဖော်ဖို့နဲ့ လှေတွေနဲ့ ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်းမာရေးအခြေအနေ အားကောင်းလာစေဖို့တွေကို လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြကြောင်း ဂါလားပါဂိုစ် အမျိုးသားဥယျာဉ် ဒါရိုက်တာ ဒန်နီရူဒါက ပြောပါတယ်။
ဂါလားပါဂိုစ်ကျွန်းစုမှာ ငှက်မျိုးစိတ် ခန့်မှန်းခြေအားဖြင့် ၇၈ မျိုးရှိပြီး အများစုမှာ အီကွေဒေါကို ပြောင်းရွှေ့နေထိုင်လာကြတာပါ။
မနှစ်က အန်ဒီးစ်ရှိ မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါသေးတယ်။
Source/Photo-Reuters