အဇာဘိုင်ဂျန်တပ်ဖွဲ့တွေဟာ တောတောင်ထူထပ်တဲ့ နာဂေါနို-ခါရာဘက်ခ် ဒေသက နေရာအများအပြားမှာ အာမေးနီးယန်း တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့လို့ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ခွဲထွက်နယ်မြေ အာဏာပိုင်တွေက ပြောပါတယ်။
အဇာဘိုင်ဂျန်တပ်ဖွဲ့တွေဟာ အာမေးနီးယန်းတပ်ဖွဲ့တွေနဲ့ ပိုင်းခြားထားတဲ့ နယ်နိမိတ်မျဉ်း လမ်းကြောင်းကို ဖြတ်ကျော်ပြီး သူတို့ရဲ့ မဟာဗျူဟာပန်းတိုင်တွေကို ဖြည့်ဆည်းဖို့ ဆုံးဖြတ်ထားတယ်လို့ အဇာဘိုင်ဂျန်သမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေး ဟစ်ခ်မက် ဟာဂျီယက်ဗ်က အင်္ဂါနေ့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဇာဘိုင်ဂျန်နယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ခါရာဘက်ခ် တောင်တန်းဒေသမှာ အဇာဘိုင်ဂျန်နိုင်ငံက စစ်ရေးအရ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် ဟာဂျီယက်ဗ်က ခုလို ပြောလိုက်တာပါ။
ဒီနယ်မြေကို ခွဲထွက်ဖို့ ကြိုးစားနေတဲ့ အာမေးနီးယန်း တိုင်းရင်းသားတွေက အုပ်ချုပ်နေပြီး ဘိုးဘွားတွေရဲ့ မွေးရပ်မြေလို့ ပြောခဲ့ကြပါတယ်။ အာမေးနီးယား အစိုးရကတော့ အဲဒီဒေသမှာ သူတို့ရဲ့တပ်ဖွဲ့ဝင် မရှိဘူးလို့ အင်္ဂါနေ့က ငြင်းဆိုပါတယ်။
ခါရာဘက်ခ်ဒေသက အာမေးနီးယား တိုင်းရင်းသားတွေက အလံဖြူကို လွှင့်ထူပြီး လက်နက်ဖြုတ်သိမ်းပြီးတာနဲ့ တပြိုင်နက် အဇာဘိုင်ဂျန် အစိုးရက ဆွေးနွေးပွဲမှာ စကားပြောဖို့ အသင့်ရှိမယ်လို့ ဟာဂျီယက်ဗ်က ပြောပါတယ်။
အဇာဘိုင်ဂျန် အစိုးရဟာ အိမ်နီးချင်း အာမေးနီးယားနိုင်ငံအပေါ် စစ်ရေးရည်မှန်းချက် မရှိဘူးလို့လည်း သူက ပြောခဲ့ပါတယ်။
အဇာဘိုင်ဂျန်စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် လူငါးဦးသေဆုံးပြီး အယောက် ၈၀ ဒဏ်ရာရခဲ့တယ်လို့ နာဂေါနို-ခါရာဘက်ခ် ဒေသတွင်း အာမေးနီးယန်းလူမျိုးတွေနေတဲ့ ခွဲထွက်နယ်မြေမှာရှိတဲ့ အာဏာပိုင်တွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။ ဒဏ်ရာရသူ ၁၅ ဦးက အရပ်သားတွေလို့ ခါရာဘက်ခ် သတင်းဌာနက ပြောပါတယ်။
အဇာဘိုင်ဂျန်က အာမေးနီးယား တိုင်းရင်းသားတွေ ထိန်းချုပ်ရာ ဒေသကို တိုက်ခိုက်နေချိန် နောက်ကွယ်မှာ အာမေးနီးယားနိုင်ငံအတွင်း အာဏာသိမ်းဖို့ နေရာစုံကနေ ဆော်ဩတာတွေ လုပ်ခဲ့ကြတယ်လို့ အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်းယန်က ပြောတယ်လို့ RIA ရုရှားသတင်းဌာနက ဖော်ပြပါတယ်။
ရုရှား ငြိမ်းချမ်းရေးစစ်သည်တွေဟာ နာဂေါ်နို-ခါရာဘက်ခ် ဒေသတွင်း အန္တရာယ်အရှိဆုံး နေရာတွေကနေ ကလေး ၁၈၅ ယောက် အပါအဝင် အရပ်သား အယောက် ၅၀၀ နီးပါးကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ကာ ဒဏ်ရာရသူတွေကို ဆေးဝါးအကူအညီ ပေးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo-Reuters