မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဈေးသစ်ရွာကို စက်တင်ဘာ ၁၈ ရက် နေ့လယ်က စစ်ကောင်စီ လေကြောင်းကာကွယ်ရေးတပ်ဖြစ်တဲ့ အင်ကြင်းမြိုင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးကြီး တယောက် သေဆုံးကာ၊ ကလေးငယ်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးကြီးတယောက် လက်နက်ကြီးကျည်ထိမှန် သေဆုံးကာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက်က ထိခိုက်ဒဏ်ရာ(မပြင်းထန်) ရရှိခဲ့ပေမဲ့ အသက် ၁ လသား ကလေးငယ်ကတော့ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမျိုးမှန် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက "အင်ကြင်းမြိုင်စစ်တပ်ရဲ့ အောက်ခြေက ရွာပေါ့၊ ဈေးဟောင်းမှာရှိတဲ့ စကစခန့် အုပ်ချုပ်ရေးမှူးရှင်းခံရတော့ တစ်နာရီလောက်မှာ ရှင်း ခံရပြီးတော့၊ နှစ်နာရီ နှစ်ဆယ်မှာကျတော့ အင်ကြင်းမြိုင်စစ်တပ်ထဲကနေပြီးတော့ ဈေးဟောင်းရဲ့ ဟိုဘက်ကမ်းကရွာပေါ့၊ ဈေးသစ်ကို လက်နက်ကြီးနဲ့ ရှစ်ချက်ထုတယ်၊ အဓိကကတော့ စကစခန့် အုပ်ချုပ်ရေးမှူးရှင်းခံရလို့ ဈေးသစ်ကို လက်နက်ကြီးနဲ့ထုတာ"လို့ ပြောပါတယ်။
ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာလည်း တံငါသည်ရွာမှာ အထိုင်ချထားတဲ့ စစ်တပ်က မတ္တရာ အရှေ့ပိုင်းနယ်က ကွေ့ကြီးရွာကို ရှောင်တခင် ပစ်ခတ်ဝင်စီးပြီး ကျေးရွာကို မီးရှို့ခဲ့လို့ ဒေသခံ ရွာသားတွေ အမြောက်အမြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လတ်တလော အချိန်အထိ ကွေ့ကြီးရွာမှာ အိမ်ခြေ လေးလုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ဒရုန်းသုံးကာ ဗုံးကြဲတာရှိလာသလို စစ်အုပ်စုက ပစ်ခတ်တာကြောင့် ဒီမနက်ပိုင်းက ကွေ့ကြီးရွာခံတယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။