မက္ကဆီကိုနိုင်ငံရဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် သီတင်းပတ်ကုန်ရက်က ကျင်းပတဲ့ ချီတက်ပွဲမှာ ရုရှားစစ်တပ် ပါဝင်တက်ရောက်ခဲ့တဲ့အကြောင်းကို မက္ကဆီကိုသမ္မတ အန်ဒရေ မန်ယူရယ် လိုပဲ့ဇ် အိုဘရဒေါက စက်တင်ဘာ ၁၈ ရက်မှာ ကာကွယ်ပြောဆိုခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံဟာ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားတပ်ဖွဲ့တွေကို စင်မြင့်ပေါ် တင်ထားတယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်တာ ခံခဲ့ရအပြီး ခုလို ကာကွယ် ပြောဆိုလိုက်တာပါ။
ရုရှားတပ်ဖွဲ့တဖွဲ့ စနေနေ့မှာ ပါဝင်ချီတက်ခွင့်ပြုရေး ဆုံးဖြတ်ချက်ကို မက္ကဆီကိုနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်၊ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ဝေဖန်ရေးမီဒီယာတွေက ပြစ်တင် ရှုတ်ချခဲ့ပေမဲ့ သမ္မတကတော့ မက္ကဆီကိုနိုင်ငံဟာ ဘယ်နိုင်ငံကိုမဆို ပါဝင်ခွင့်ပြုထားတယ်လို့ ပြောပါတယ်။
လက်ဝဲဝါဒီ လိုပဲ့ဇ်အိုဘရဒေါဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲမှာ မက္ကဆီကိုနိုင်ငံကို ကြားနေနိုင်ငံဖြစ်ဖို့ ကြိုးပမ်းခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အဆိုပြုခဲ့ဖူးပါတယ်။
ဒါပေမဲ့ မက္ကဆီကို အစိုးရဟာ ပဋိပက္ခအတွင်း ရုရှားရဲ့ အခန်းကဏ္ဍကို ဝေဖန်တဲ့ ကုလသမဂ္ဂရဲ့ အဓိကဆုံးဖြတ်ချက်တချို့ကို ထောက်ခံထားပါတယ်။
Source/Photo-Reuters