သူများတွေ ရေနွေးကြမ်းသောက်နေချိန်တွင် အဘစောမူးသာကား အငွေ့ထောင်းထောင်းထနေသည့် ဖန်ခွက်ကြီးတလုံးထဲက အရည်တွေကို ကြိုက်ကနဲ ကြိုက်ကနဲ မော့မော့ချနေပါလေ၏။ သူ၏ဖန်ခွက်ဆီမှ သင်းပျံ့ပျံ့ရနံ့တို့ကား ကျန်ဝိုင်းတော်သားတို့၏ နှာဝကို လာလာဆွနေပါလေ၏။
စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကော ဖေကြီးပါ အဘစောမူးသာ၏ဖန်ခွက်ကို စိတ်ဝင်စားနေပြီး သကာလ အဘစိမ်းမောင်က မနေနိုင်ဘဲ မေးပါလေ၏။
“ငါတို့ကိုကျ ‘ရေနွေးကြမ်း’ ပဲတိုက်ပြီး နင့်ကျတော့ ဘာတွေမြိုနေတာလဲ မူးသာရဲ့”
“ဟားဟား ဟားဟား ဟားဟား . . . နင်တို့သောက်ချင်ရင် မီးဖိုပေါ်ကအိုးထဲမှာ ရှိပါသေးတယ်ဟ၊ သွားငှဲ့သောက်ကြ”
“မွှေးနေတာပဲကွ . . . ဘာတွေလဲ မူးသာရ”
“ချင်း(ဂျင်း) နဲ့ ‘ထန်းလျက်’ နဲ့ ရောကြိုထားတာ”
“ဟေ . . . . . အဲဒါကို နင်သောက်နေတယ် ဟုတ်လား၊ အဲဒါက အမျိုးသမီးတွေ ဓမ္မတာမပေါ်ရင် သောက်ရတဲ့ဆေး မဟုတ်လား”
“ဟားဟား ဟားဟား ဟားဟား . . . . . .”
အဘစိမ်းမောင် အမေးကို အဘစောမူးသာက ထရယ်ပါလေ၏ ခင်ဗျာ။ ပြီးတော့မှ သေသေချာချာကို ရှင်းပြပါ၏။ သည် ချင်း(ဂျင်း)နဲ့ ထန်းလျက်ပြုတ်ရည်ဟာ မမ/ကျားကျား လူတိုင်းသောက်လို့ရကြောင်း၊ အအေးပတ်ပြီး ကိုယ်လက်တွေ ကိုက်ခဲနေရင် အခုလိုမျိုး သောက်ရကြောင်း၊ အအေးမိတာအတွက် အလွန်ကိုထိရောက်တဲ့ ‘ဆေး’ ဖြစ်ကြောင်း ပြောပြပါလေ၏။
“ဟုတ်တယ်ကွ စိမ်းမောင်ရ . . . ငါလည်း တပ်ထဲမှာတုန်းက မိုးထဲရေထဲ မကြာခဏ အအေးမိရင် အဲသလို ကြိုသောက်လိုက်တာပဲ။ အအေးပတ်တာ ‘လစ်’ ကရောဟ”
“ဟုတ်လား လုံးတုံး”
အဘစောမူးသာကော အဘလုံးတုံးပါ သည် ‘ဂျင်းပြုတ်ရည်’ ၏ အစွမ်းသတ္တိကို ပြောပြနေပေရာ အဘစိမ်းမောင်လည်း ခေါင်းတညိတ်ညိတ်နှင့် ဖြစ်ပါ၏။
“အဟွတ် . . . အဟွတ် . . . အဟွတ်”
“အဲ . . ဖေကြီး အအေးမိနေပြီကိုးဟ၊ သွား သွား . . . မီးဖိုထဲသွား၊ ချင်း(ဂျင်း)ပြုတ်ရည် ထည့်ယူလာပြီး ပူပူလေးသောက်လိုက်”
“ဟုတ်ကဲ့ပါ အဘ”
သောက်ကြည့်တော့လည်း မွှေးမွှေးချိုချိုနှင့် အရသာပိုကာ လည်ချောင်းထဲကို ရှတတလေး လျှောဆင်းသွားပြီး လည်ချောင်းရှင်းသွားပါ၏။ ခဏအကြာမှာ နွေးလာပြီးသကာလ နေလို့ထိုင်လို့ အတော့်ကို ကောင်းလာပါလေ၏။
“ငါတော့ ‘မိန်းမဆေး’ ဆိုပြီး တခါမှကို မသောက်ဖူးပါဘူး မူးသာရာ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား . .”
အဘစိမ်းမောင် စကားကို ဝိုင်းရယ်ဖြစ်ကြပါ၏။ ပြီးနောက် အဘစောမူးသာ၏ မျက်ဝန်းထဲမှာ ‘အရွှင်အရိပ်’ ကလေး တစွန်းတစကို မြင်လိုက်ရသလိုပါပေ။ ဖေကြီးအထင် မှန် မမှန်တော့ မသိပါ။
“ဖေကြီးတော့ အတော်ကောင်းသွားပြီကွ စိမ်းမောင်ရ၊ ‘ရာသီဥတု’ မှန်တော့မကွ”
“ဟား ဟား ဟား ဟား ဟား ဟား . . . .”
“ကဲ . . . ဒီတော့ကာ စိမ်းမောင် မင်းလည်း တခွက်လောက်တော့ အားပေးလိုက်အုံး”
“အေး . . . အဲ . . . ငါတော့ တခါမှကို မသောက်ဘူးတာကွ”
“မင်းသာ မသောက်ဘူးတာ၊ မင်းတို့ကိုးကွယ်နေတဲ့ ကြင်စိုး သာဝ မအလ ကိုယ်တော်ကြီးတော့ ‘နေ့တိုင်း’ နေ့တိုင်း သောက်နေရတယ်တဲ့ကွ”
“ဟေ . . . ဟုတ်လား၊ နစကဥက္ကဋ္ဌကြီးက အအေးမိနေလို့လား”
“အအေးမိနေသလား အပူမိနေသလားတော့ မပြောတတ်ပါဘူးကွာ၊ ‘ချင်း(ဂျင်း)’ သောက်နေရတာတော့ နေ့တိုင်းလေ၊ အားလုံးအမြင်ပဲ”
အဘစောမူးသာ၏စကားကို အဘစိမ်းမောင် စိတ်ဝင်စားစွာ နားထောင်နေသော်ငြား ဘယ်လိုမှ နားလည်ပုံမရပါလေ။ ထို့ကြောင့် ထုတ်၍မေးလာပါလေ၏။
“ဗိုလ်ချုပ်မှူးကြီးက ‘ချင်း(ဂျင်း)ပြုတ်ရည်’ တွေ နေ့စဉ်သောက်သုံးနေရတယ်ဆိုတာ အဟုတ်လား”
“အဟုတ်ပေါ့ဟ၊ သူ့မှာ ‘ချင်း(ဂျင်း)တွေ’ က တပုံကြီးဆိုတော့ ဒီလိုပဲ နေ့တိုင်း နေ့တိုင်း ပြုတ်ပြုတ်သောက်နေရရှာတာပေါ့ဟာ”
“. . . . . . .”
သို့ဖြင့် အဘစောမူးသာက ရှင်းပြပါလေ၏။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြင်စိုး သာဝ မအလဟာ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့ပြီး ‘မဲမသမာမှုကြောင့်’ ဟု ပြည်သူလူထုကို စတင်ကာ ‘ချင်း(ဂျင်း)ထည့်’ ခဲ့ပါကြောင်း၊ ပြီးတော့ ‘တနှစ်ပြည့်တဲ့အခါ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်’ ဟု ထပ်မံ၍ ‘ချင်း(ဂျင်း)ထည့်’ ခဲ့ပြန်ပါကြောင်း၊ ပြီးတော့ ‘လျှပ်စစ်ရထားတွေ လုပ်ပေးမယ်’ ဟု ချင်း(ဂျင်း)ထည့်ခဲ့ပါကြောင်း၊ ‘မြေအောက်ရထားလမ်းတွေ ဖောက်ပေးမယ်’ ဟုလည်း ချင်း(ဂျင်း)ထည့်ခဲ့ပြန်ပါကြောင်း၊ ယခု နှစ်နှစ်ခွဲကျော်ကာလအတွင်း ‘ဒင်း’ ချင်း(ဂျင်း)ထည့်ခဲ့သည်များကို စာရင်းပြုစုထားကြလေရာ နံပါတ်စဉ် အတော့်ကို ရောက်နေပြီ ဖြစ်ပါကြောင်း ပြောပါလေ၏။
“အေးကွ . . . ပြည်သူလူထုကို ‘အချဉ်’ လို သဘောထားပြီး ‘ချင်း(ဂျင်း)’ ထည့်ခဲ့တဲ့ကောင်ဟာ ခုဘဝမှာတင် ‘ချင်း(ဂျင်း)’ ပြန်အထည့်ခံနေရပြီ မဟုတ်လား လုံးတုံးရ”
“မိန့်တော်မူပါဦး သတိုးသီရိသုဓမ္မ မူးသာရ”
“ဟားဟား ဟားဟား ဟားဟား . . . . .”
အဘစောမူးသာ ပြောပြသည်များမှာ သတင်းမှန်တွေပါ။ ယခုအခါ မအလကို သူ့အောက်မှကောင်တွေက ချင်း(ဂျင်း)တွေ အကြီးအကျယ်ကို ထည့်နေပါသတဲ့။ ဥပမာအားဖြင့် အပြင်မှာတော့ ဘယ် PDF မှ လက်နက်မချသော်လည်း မြဝတီချန်နယ်မှာတော့ ‘အနယ်နယ်အရပ်ရပ်မှာ PDF တွေ အလင်းဝင်နေတယ်’ ဟု လေးငါးရက်တခါ လံကြုတ်ကာ လုပ်ကြံသတင်းများ ရိုက်ကူးပြီး မအလကြီး စိတ်ဖြေသာဖို့ ‘ချင်း(ဂျင်း)’တွေ ထည့်နေကြပါသတဲ့။
မြေပြင်မှာ ‘ဖက်ဆစ်တပ်တွေ’ အကျအဆုံးများစွာနဲ့ တိုက်ပွဲတိုင်း အသက်လုကာ ခွေးပြေးဝက်ပြေး ထွက်ထွက်ပြေးနေကြရသော်လည်း မအလကြီးကိုပြသရန် TV သတင်းမှာတော့ ‘PDF တွေ အကျအဆုံးများစွာနဲ့ ထွက်ပြေးနေနေရကြောင်း….’ ဘာညာသာရကာ ချင်း(ဂျင်း)’ ထည့်ကြပြန်ပါကြောင်းလည်း ပါပါသဗျ။
“ရယ်စရာတခုကတော့ကွာ ‘ဆင်မည်းညစ်ညစ်ကလေး’ ကို ‘ဆင်ဖြူတော်’ ပါဆိုပြီး ‘ကာလာဘလိုင်း’ ဖြစ်နေတဲ့ မအလကို ချင်း(ဂျင်း) ထည့်ခဲ့ကြတာပဲကွ . . . ဟ ဟ ဟ ဟ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“ဘုရားဒကာကြီး မအလ တည်တဲ့ဘုရားဟာ ကမ္ဘာပေါ်မှာ ကြီးဆုံးလို့ မြှောက်ပင့်ပေးပြီး ‘အဆင်းဘီးတွန်း’ ချင်း(ဂျင်း)ထည့်ကြပြန်သဟ”
“အေးကွ . . .”
“အခုနောက်ဆုံးပြောရရင် ‘စားသုံးဆီ’ တွေကို ဈေးနှုန်းချိုသာစွာနဲ့ တနိုင်ငံလုံးမှာ ရောင်းပေးနေသယောင်ယောင် သူတို့ ဖက်ဆစ်ခေါင်းဆောင်ကို အကြီးအကျယ် ‘ချင်း(ဂျင်း)’ ထည့်နေကြတာ မြင်တယ်မဟုတ်လား”
“ဟားဟား ဟားဟား ဟားဟား ဟား”
အားလုံး ပေါ့ပေါ့ပါးပါး ရယ်မောကြလေသော်ငြား အဘစိမ်းမောင်ကား မရယ်မပြုံးပါ ခင်ဗျ။
“အဲသည်တော့ ကြင်စိုး သာဝ မအလကြီးဆီမှာ ‘ချင်း(ဂျင်း)တွေ’ တပုံတခေါင်းကြီးပေါ့ကွာ။ ဒီတော့ကာ ဒီကောင်ကြီး နေ့စဉ်နေ့တိုင်း ‘ချင်း(ဂျင်း)’ တွေချည်းပဲ ပြုတ်ပြုတ်သောက်နေရတော့တာပေါ့ဗျား”
“ဟား ဟား ဟား ဟား ဟား ဟား”
အဘစိမ်းမောင်ကား ပြန်ရန်ပြင်၍ ဖင်ကြွနေလေပြီ။ အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား တဟားဟားရှိကြဆဲ။ အဘစိမ်းမောင်မှာ ‘ချင်း(ဂျင်း)ပြုတ်ရည်’ ခွက်ကြီးကို လက်မှာ ယောင်ယမ်း၍ ကိုင်ထားဆဲ။ အဘစောမူးသာက နိဂုံးစကား ပြောကြားပါလေ၏။
“ကြင်စိုး သာဝ မအလဟာ နောက်ဆုံးအချိန်အထိ ‘ကဒါဖီ’ လို ‘ချင်း(ဂျင်း)’ အထည့်ခံရအုံးမှာ”
“ဘယ်လိုမျိုးများပါလိမ့် မူးသာရယ်”
“ဒီလိုလေကွယ် လုံးတုံးရယ် . . သူ့အောက်ကကောင်တွေက လစ်ဗျားနန်းတော်ထဲမှာ သတင်းစာရှင်းလင်းပွဲလုပ်နေရင်း ‘ကျုပ်တို့အစိုးရရဲ့ နိုင်နင်းစွာ နှိမ်နင်းမှုကြောင့် ပုန်ကန်သူတွေ ထွက်ပြေးနေကြရပါပြီ’ လို့ ပြောနေချိန်မှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေက အဲသည်နန်းတော်ကြီးရဲ့ တံခါးကို စဖျက်ပြီးတော့ ဝင်လာနေပြီလေကွာ”
“အဲဒါနဲ့ . . .”
“အဲသည်လိုမျိုးအချိန်အထိ အကြီးအကျယ် ‘ချင်း(ဂျင်း)’ မိနေပြီး နောက်ဆုံးမတော့ အာဏာရှင်ကြီး ကဒါဖီလည်း နန်းတော်နောက်ဖေးပေါက်ကနေ ခွေးတိုး ဝက်တိုး တိုးရှိုးပြီး အသက်လုကာ ပြေးခဲ့ရတာ”
“လွတ်သွားရော ဆိုပါတော့ . . .”
“လမ်းပေါ်အရောက်မှာပဲ တခါတည်းကို ရိုက်အသတ်ခံရလို့ နတ်ရွာစံကာ သေပါရောလား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”