ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ဝိန်းချိုင်းမြို့ထဲမှာ စက်တင်ဘာ ၁၉ ရက် ညက မူးယစ်ဆေး သယ်ဆောင်သူနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ မူးယစ်သယ်ဆောင်သူကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ တန်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ မူးယစ်ဆေးသယ်မယ့်အကြောင်း ကြိုတင်သတင်းရလို့ အမှတ် (၃) မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဟာ မသင်္ကာဖွယ် ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးနေခဲ့ကြတာပါ။
ည ၉ နာရီခွဲလောက်မှာတော့ မဲ့ယောင်းအုပ်စုဘက်ကနေ အနက်ရောင် ကား ၁ စီး ဝင်ရောက်လာပြီး တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးခဲ့ပေးတာကို ရပ်မပေးတဲ့အပြင် အရှိန်မြှင့် မောင်းပြေးသွားတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ဒါကြောင့် ရဲကားနဲ့ လိုက်လံဖမ်းဆီးရာမှာ အဆိုပါကားဟာ ဝိန်းချိုင်းမြို့ထဲဝင်သွားပြီး လမ်းဘေးဓာတ်မီးတိုင်နဲ့ စားသောက်ဆိုင်ရဲ့ ဆိုင်းဘုတ်ကိုပါ ဝင်တိုက်မိခဲ့ကြောင်း၊ ကားပျက်သွားတဲ့အခါမှာ ကားထဲပါလာသူက တာဝန်ရှိသူတွေက သေနတ်နဲ့ စတင်ပစ်ခတ်ရာက နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုမှာ မူးယစ်ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ချင်းရိုင်းပချားနုခေါ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမဲ့ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူမှာ သေဆုံးသွားခဲ့ပါတယ်။
မူးယစ်သယ်ဆောင်တဲ့ဘက်က လက်နက်မချတဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း၊ သေဆုံးသူဟာ အသက် ၅၁ နှစ်ရွယ်ရှိ ကျနွယ် ဖြစ်ပြီး ချင်းမိုင်ခရိုင် ချိုင်းပကန်းမြို့နယ်က ဖြစ်ပါတယ်။
သူ့ရဲ့ကားကို စစ်ဆေးရာမှာတော့ အိတ်အလုံးပေါင်း ၅၀ တွေ့ရှိပြီး အိတ် ၁ လုံးကို အိုက်စ်မူးယစ်ဆေး ၂၀ ကီလိုဂရမ်နဲ့ စုစုပေါင်း ၁၀၀၀ ကီလိုဂရမ် (တန်ချိန် ၁ တန်) ကို ဖမ်းဆီးရမိပါတယ်။
ရှေ့ပြေးလမ်းပြကား ၁ စီးကတော့ ချင်းရိုင်းခရိုင် ဖယားမိန်းရိုင်းမြို့နယ်ထဲ ဝင်ရောက် ပျောက်ကွယ်သွားလို့ ဆက်လက်စစ်ဆေးရှာဖွေနေကြောင်း၊ ဖမ်းဆီးရမိ မူးယစ်ဆေးတွေကိုတော့ ဝိန်းချိုင်းရဲစခန်းကနေတဆင့် ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနချုပ်ထံ ပို့ဆောင်သွားမယ်လို့ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။
ကိုးကား - ထိုင်းရတ်/PPTVHD36