စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားကျေးရွာအနီး နန့်မကျိုင်းလမ်းဆုံမှာ စက်တင်ဘာ ၁၉ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက ညကတည်းက စဖြစ်နေတာ။ မနက်က ကုန်တင်ကား ၃ စီးနဲ့ စစ်တပ်အင်အား ၁၀၀ ကျော်လောက် ရောက်လာပြီးနောက်ပိုင်း နှစ်ဘက် ထပ်ပြီး တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်နေတာက နန့်မကျိုင်း လမ်းဆုံမှာ။ နှစ်ဘက် ထိခိုက် အကျအဆုံးတော့ သေချာမသိဘူး” လို့ နဘားကျေးရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် အင်းတော်-မော်လူး ကားလမ်းပိတ်ထားရပြီး နဘားကျေးရွာက ဒေသခံပြည်သူအချို့လည်း ကျေးရွာအတွင်း ပိတ်မိနေကြပါတယ်။
“တိုက်ပွဲစဖြစ်တော့ အတော်များများက ဘေးလွတ်ရာ ရှောင်တိမ်းသွားကြပြီ။ ကျေးရွာထဲမှာလည်း ပိတ်မိနေတဲ့ ဒေသခံတွေ ရှိသေးတယ်။ အင်းတော်-မော်လူး ကားလမ်းက လည်း တိုက်ပွဲဖြစ်လို့ ပိတ်ထားတာ” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက် စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းဆပ်ဖွဲ့တို့ နဘားလမ်းဆုံအနီး တိုက်ပွဲမှာလည်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နှက်ကြီး မော်တော်ယာဉ်တစီးကို ထိမှန်ပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။