တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု (က) ရဲ့ စက်တင်ဘာ ၁၉ ရက်နေ့ အဖွင့်ပွဲစဉ်မှာ မြန်မာ ယူ-၂၄ အသင်းက ဘင်္ဂလားဒေ့ရှ် ယူ-၂၄ အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရပါတယ်။
မြန်မာလူငယ် အသင်းဟာ ဘင်္ဂလားဒေ့ရှ်အသင်းကို ခြေစွမ်းအသာမရခဲ့ပေမဲ့ ၆၈ မိနစ်မှာသွင်းယူခဲ့တဲ့ ခွန်ကျော်ဇင်ဟိန်းရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နောက်တဆင့်တက်ရောက်ဖို့ အခြေအနေ ကောင်းသွားပါတယ်။
မြန်မာ ယူ-၂၄ အသင်းကစားသမားဖြစ်တဲ့ ဇွဲခန့်မင်းကတော့ အခုနှစ် အာရှအားကစားဘောလုံးပြိုင်ပွဲရဲ့ ပထမဆုံး အနီကတ်ကို ပွဲချိန် ၇၆ မိနစ်မှာ ပြသခံခဲ့ရပါတယ်။
အုပ်စုတွင်း တခြားပွဲစဥ်ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ ပွဲစဥ်မှာ အိမ်ရှင်တရုတ်အသင်းက ၅ ဂိုး ၁ ဂိုး နဲ့ အိန္ဒိယအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
မြန်မာယူ -၂၄ အသင်းဟာ အုပ်စုဒုတိယမြောက်ပွဲစဥ်အဖြစ် အိမ်ရှင်တရုတ်အသင်းနဲ့ စက်တင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ည ၆ နာရီမှာ ကစားသွားမှာ ဖြစ်ပါတယ်။
အာရှအားကစားအမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စု ၆ ခုမှ ပထမရ ၆ သင်း၊ ဒုတိယရ ၆ သင်း နဲ့ အကောင်းဆုံး တတိယ ၄ သင်းက နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Photo - MFF