Home
မြန်မာသတင်း
အမရပူရတွင် မြေပဲရောဆီ‌ရောင်းသည့် ဆိုင် ၂ ဆိုင် ချိပ်ပိတ်ခံရ
DVB
·
September 19, 2023
Eat Oil Shop Seal

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က နန်းရတနာစျေးနဲ့ သိမ်ကြီးစျေးတို့မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ကုန်စုံဆိုင်တွေကို စက်တင်ဘာ ၁၈ ရက်မှာ မန္တလေးမြို့တော်စည်ပင်က ဝင်စစ်ဆေးခဲ့ပြီး မြေပဲရောဆီရောင်းတဲ့ ဆိုင် ၂ ဆိုင်ကို ယာယီ ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အပိတ်ခံရတဲ့ဆိုင်တွေဟာ အမရပူရ၊ မှန်တန်းရပ်ကွက်၊ နန်းရတနာစျေးရှိ နန်းရွှေရည် ကုန်စုံဆိုင်နဲ့ အိုးတော်ရပ်ကွက်၊ သိမ်ကြီးစျေးရုံအမှတ် (E)၊ ဆိုင်အမှတ် ၂ ရှိ မိတ်ကောင်း ကုန်စုံဆိုင်တို့ ဖြစ်ပါတယ်။

မန္တလေးသိမ်ကြီးဈေးရှိ ဆိုင်ခန်းပိုင်ရှင်တယောက်က “စားအုန်းဆီကို ဈေးတင်ရောင်းလို့ ဖမ်းသွားတာတော့ မဟုတ်ဘူး။ မြေပဲဆီသန့်ဆိုပြီး တခြားဆီတွေနဲ့ ရောရောင်းလို့ အတိုင်ခံရပြီး လာစစ်သွားတာ။ သူတို့ဆိုင်တော့ လောလောဆယ် အပိတ်ခံထားရတယ်။ ဆိုင်ရှေ့မှာ ယာယီချိပ်ပိတ်ထားပါတယ်လို့ အဲ့ဒီနေ့ကတည်းက စာကပ်သွားတယ်။ စည်ပင်ဘက်က ဆီတွေ သိမ်းသွားတာတော့ တွေ့တယ်” လို့ ပြောပါတယ်။

အဆိုပါဆိုင်တွေဟာ မြေပဲဆီသန့်လို့ဆိုကာ တခြားစားသုံးဆီတွေနဲ့ ရောနှောရောင်းချနေတာဖြစ်ပြီး ဈေးတာဝန်ရှိသူတွေက ဆိုင်ရှိ ဆီ ၁ ပိဿာစီကို ယူ‌ဆောင်စစ်ဆေးခဲ့ရာက မြေပဲဆီရဲ့ အရည်အသွေး စံနှုန်းနဲ့ မညီတာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဈေးဆိုင် ၂ ဆိုင်စလုံးကို ဈေးစည်ပင်က ယာယီချိပ်ပိတ်ခဲ့တဲ့အပြင် ကုန်စုံဆိုင်ပိုင်ရှင်တွေကို ခံဝန်လက်မှတ် ရေးထိုးခိုင်းကာ မြေပဲအရောဆီတွေကို စည်ပင်အဖွဲ့က သိမ်းဆည်းသွားတယ်လို့ သိရပြီး အဆိုပါဖြစ်စဉ်ကို မြို့တော်စည်ပင်ကို ဖုန်းဆက်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024