ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဆေးရုံဝင်းအတွင်းရှိ တန်ဖိုးရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို မူးယစ်ဆေးသုံးစွဲသူတွေက အုပ်စုဖွဲ့ပြီး မကြာခဏ လာရောက်ခိုးယူရုံမကဘဲ ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ တိုက်နယ်ဆေးရုံတွေကို ပြည့်ပြည့်စုံစုံ ဖွင့်လှစ်နိုင်တာ သုံးနှစ်ကျော်ကြာ ရှိလာတဲ့ကာလမှာ ပြည်သူတွေအတွက် အဆင်ပြေချောမွေ့မှုတွေ ရှိစေသလို တဖက်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ စစ်တပ်အာဏာသိမ်းမှုနဲ့ ဒေသတွင်း စီးပွားကျဆင်းမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ အကျပ်အတည်းထဲကနေ ဆောင်ရွက်နေရတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
“အခု တိုက်နယ်ဆေးရုံတွေ ဖွင့်ထားတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တယ်။ အခက်အခဲကတော့ ဆေးဝါးပြတ်လပ်တာနဲ့ လုံခြုံရေးပဲ။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လမ်းပိတ် ကုန်စျေးနှုန်းနဲ့အတူ ဆေးဝါးတွေလည်း ရှားပါးပြီး စျေးကြီးကုန်တာ။ လုံခြုံရေးကတော့ မိုင်းခွဲတာ လူမှားဖမ်းတာတွေပေါ့။ ဒီကာလ အလုပ်လုပ်ရတာ အိမ်ကထွက်တာနဲ့ မလုံခြုံဘူး။”
လက်ရှိမှာ လုံးခင်းတိုက်နယ်ဆေးရုံအတွင်းက တန်ဖိုးရှိတဲ့ ပျဥ်ချပ်တွေ၊ ခုံတန်းလျားတွေ၊ ဆေးဘက်ဆိုင်ရာအ ထောက်ကူပြု ပစ္စည်းတွေကို မူးယစ်ဆေးစွဲသူတွေက တပတ်မှာ သုံးကြိမ်လောက် နေ့ခင်းဘက်မှာပါ ခိုးယူနေတဲ့အတွက် ဆေးရုံဝန်ထမ်းတွေနဲ့ ပြည်သူတွေ စိုးရိမ်မှုတွေ ရှိနေပါတယ်။
“အုပ်စုဖွဲ့လာတယ်၊ ပေါ်တင်ခိုးကြတယ်။ အရင်က ဖမ်းပြီး ရဲစခန်းပို့တယ်။ မကြာဘူး ပြန်လွတ်လာတယ်။ ပြန်ခိုးကြတယ်။ ဒီတော့ ဘယ်လိုဆက်ထိန်းကြမလဲ။ ခိုးရုံမကဘူး၊ ဖျက်ဆီးတဲ့အဆင့် ရောက်နေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ တိုက်နယ်ဆေးရုံမှာ ဝန်ထမ်းအင်အား ၁၅ ဦးမှ ၂၀ ဦးအထိရှိပြီး ဝင်ဆံ့ံ့င်တဲ့ ခုတင် စုစုပေါင်း ၅၀ မှ ၁၀၀ ကြားရှိတယ်လို့ သိရတဲ့အပြင် ဒေသခံတွေ အားထားရတဲ့ ဆေးရုံတခု ဖြစ်ပါတယ်။
ရေရှည်မှာ ထိန်းသိမ်းသင့်တဲ့ ကိစ္စတခု ဖြစ်တဲ့အတွက် အခုလို ဖောက်ထွင်းခိုးယူမှုတွေကို အရေးယူပေးဖို့ ပြည်သူတွေက အလိုရှိနေတာ ဖြစ်ပါတယ်။