မြန်မာပြည်တွင်းမှာ ရွှေနဲ့ ဒေါ်လာစျေးနှုန်းတွေ ဆက်လက်ကျဆင်းနေပြီး ပြင်ပစျေးကွက်မှာ အခေါက်ရွှေ တကျပ်သားကို ငွေကျပ် ၃၅ သိန်းအထက်၊ အမေရိကန် တဒေါ်လာ ကျပ် ၃,၄၀၀ ကျော်ကို ပြန်လည်ကျဆင်းနေတယ်လို့ ရွှေနဲ့ နိုင်ငံခြားငွေ စျေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေစျေးက ပြီးခဲ့တဲ့ သီတင်းပတ်ထက် စျေးနှုန်းမြင့်တက်နေပေမဲ့ ပြည်တွင်းရွှေစျေးနှုန်းက ဆက်လက်ကျဆင်းနေတာ တွေ့ရပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းက ဒီနေ့ စက်တင်ဘာ ၁၉ ရက်မှာ တအောင်စကို ၁,၉၃၃ ဒေါ်လာရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ တအောင်စကို ၁,၉၀၅ ဒေါ်လာသာ ရှိခဲ့ပါတယ်။
လက်ရှိ ရန်ကုန်မြို့က ရွှေဆိုင်တွေမှာတော့ အခေါက်ရွှေတကျပ်သားကို ငွေကျပ် ၃၅ သိန်းကျော်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ရည်ညွှန်းဈေးကတော့ ကျပ် ၂,၂၇၀,၀၀၀ ကျော် ဖြစ်ပါတယ်။
ရန်ကုန်မြို့မှ ရွှေရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက “ရွှေစျေးက ပြန်ဆင်းတယ်။ ပြီးခဲ့တဲ့ သောကြာစျေးက ၃၆ သိန်းအထက်မှာ ရှိခဲ့တယ်။ ဒီနေ့ကျ ၃၅ သိန်းခွဲဝန်းကျင်ထိ ပြန်ကျသွားတယ်” လို့ ပြောပါတယ်။
ပြည်တွင်းရွှေစျေး ကျဆင်းရခြင်းက ပြင်ပဒေါ်လာငွေလဲလှယ်တဲ့စျေးနှုန်း ကျဆင်းလာတာကြောင့် ဖြစ်တယ်လို့ ရွှေစျေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသူတွေက သုံးသပ်ပါတယ်။
ပြည်တွင်း ဒေါ်လာလဲလှယ်နှုန်းကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလအစက ပြင်ပစျေးကွက်မှာ တဒေါ်လာကို ၃,၇၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာက အခုအခါ ၃,၄၆၀ ကျပ် ဝန်းကျင်အထိ ပြန်ကျဆင်းလာပါတယ်။
ဒေါ်လာဈေး၊ ရွှေဈေး ပြန်ကျဆင်းနေပေမဲ့ ကမ္ဘာရေနံစိမ်းဈေး မြင့်တက်နေတာကြောင့် စက်သုံးဆီဈေးက မြင့်တက်နေပါတယ်။
အလားတူ စားသောက်ကုန်၊ လူသုံးကုန်နဲ့ ဆေးဝါးဈေးနှုန်းတွေကတော့ ပြန်ကျဆင်းသွားခြင်း မရှိသေးဘဲ အတက်ဈေးမှာပဲ ငြိမ်နေပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ရန်ကုန်လက်လီဈေး ဓာတ်ဆီ 92 တလီတာကို ၂,၄၁၅ ကျပ်၊ 95 တလီတာကို ၂,၅၄၀ ကျပ်၊ ဒီဇယ်ဆီ တလီတာကို ၂,၅၇၅ ကျပ်၊ ပရီမီယံဒီဇယ်ဆီ တလီတာကို ၂,၆၅၀ ကျပ် ရှိနေပါတယ်။