Home
မေးမြန်းခန်း
“ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်အရရော၊ ပညာအရရော၊ ကိုယ်ကျင့်တရားအရရော ဘယ်တော့မှ ပြိုလဲပျက်စီးသွားမယ့်သူမျိုး မဟုတ်ဘူး” - ရှောင်တာနယ်
DVB
·
September 18, 2023
Daw-Aung-San-Suu-Kyi-and-Sean-Turnell_18092023

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ မဲမသမာမှု ကျူးလွန်တယ်လို့ စစ်တပ်ကစွပ်စွဲပြီး အာဏာသိမ်းယူလိုက်တာ ဖြစ်ပါတယ်။ အာဏာသိမ်းလိုက်ပြီး တချိန်တည်းဆိုသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး၊ ဩစတြေး လျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လည်း ပါဝင်ခဲ့ပါတယ်။

ပါမောက္ခ ရှောင်တာနယ်ဟာ ထောင်ထဲမှာ တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဝမ်းနည်းစရာကောင်းတာက သူဟာ ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်ခဲ့တဲ့ သူတယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အကျဉ်းစခန်းနဲ့ ထောင်တွေထဲမှာ ၂ နှစ်နီးပါး ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရတာပါ။ ပြန်လည်လွတ်မြောက်လာပြီးတဲ့ အခါမှာတော့ ပါမောက္ခ ရှောင်တာနယ်က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့အတွေ့အကြုံတွေကို စာအုပ်ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ မကြာခင် ပင်ဂွင်းစာအုပ်တိုက်ကနေ ထွက်လာတော့မှာပါ။

မကြာခင်ထွက်ရှိတော့မယ့် မြန်မာပြည်အကြောင်း စာအုပ်နဲ့ ထောင်တွင်းအတွေ့အကြုံတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အပေါ် သဘောထားအမြင်နဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်ကို  ဒီဗွီဘီမှ မယမင်းမြတ်အေးက မေးမြန်းထားပါတယ်။

မေး။ ဟုတ်ကဲ့၊ ပါမောက္ခ ရှောင်တာနယ်ရှင့်၊ ကျမတို့ရဲ့ အင်တာဗျူးအစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဖြေ။ “ကျေးဇူးတင်ပါတယ်။ အခုလို တွေ့ဆုံခွင့်ရရှိတာကိုလည်း ဝမ်းမြောက်မိပါတယ်။”

မေး။ ကျမ ပထမဦးဆုံးကတော့ မေးခွန်းဆိုတာထက် မြန်မာပြည်မှာ ပါမောက္ခ ရှောင်တာနယ် ဖြစ်ခဲ့တာတွေအားလုံးအတွက် ကျမတို့ မြန်မာပြည်သူလူထုကိုယ်စား တောင်းပန်တယ်လို့ ပြောချင်တာပါ။

ဖြေ။ “ဒါနဲ့ပတ်သက်ပြီး တောင်းပန်ဖို့လိုမယ်လို့ ကျနော်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတဲ့ စစ်တပ်ကသာ ကျနော့်ကို ထောင်ချတာပါ။ မြန်မာပြည်သူလူထုကတော့ ကျနော့်ဘက်မှာ ၁၀၀ ရာခိုင်နှုန်းအပြည့် ရပ်တည်ခဲ့ကြပါတယ်။ ကျနော့်အပေါ်မှာ ကောင်းခဲ့ကြပါတယ်။ ထောင်ထဲရောက်သွားတဲ့အခါမှာ မြန်မာတွေရဲ့ တကယ့်စိတ်ရင်းကို သိခွင့်ရခဲ့ပါတယ်။ ထောင်ထဲမှာဆိုရင် သူတို့ဟာ ကျနော့်ထက်ပိုပြီး အခြေအနေ ဆိုးကြပါတယ်။ ဒါပေမဲ့ ကျနော့်အပေါ်မှာ စေတနာ၊ မေတ္တာ အပြည့်ထားနိုင်ကြတယ်။ သတ္တိလည်းရှိကြပါတယ်။ ကျနော့်မှာ ဘာမှမရှိဘူးဆိုပေမဲ့ မြန်မာတွေအပေါ် ချစ်တဲ့စိတ်တော့ ရှိပါတယ်။ ဒါကြောင့်မို့လို့ တောင်းပန်စရာမလိုဘူးလို့ ထင်ပါတယ်။ ကျနော်ကသာ မြန်မာပြည်သူတွေ ဒီလို စစ်အာဏာရှင်တွေလက်အောက်ကို ကျရောက်နေရတဲ့ အဖြစ်အတွက် ဝမ်းနည်းရတာပါ။ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ်က အရာရှိတွေဟာ တော်တော်ဆိုးဝါးကြသလောက် မြန်မာပြည်သူတွေကတော့ ကျနော့်အပေါ်မှာ ကောင်းကြပါတယ်ဗျာ။”

မေး။ ဒီလို နားလည်မှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပါမောက္ခ ရှောင်တာနယ်ရှင့်။  မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အခု စာအုပ်တအုပ် ရေးထားပြီးပြီလို့ သိရပါတယ်။ အဓိက အကြောင်းအရာတွေက ဘာတွေများဖြစ်မလဲ။

ဖြေ။ “ဒီစာအုပ်ကို ကျနော်က An Unlikely Prisoner ဆိုပြီး နာမည်ပေးထားပါတယ်။ အဓိကကတော့ ကျနော် အဖမ်းခံရတဲ့ အကြောင်းတွေပါ။ သိတဲ့အတိုင်းပဲလေ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ ကျနော် အကူအညီ ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို အလားအလာကောင်းတဲ့၊ ကြွယ်ဝချမ်းသာတဲ့နိုင်ငံ ဖြစ်လာဖို့ ရည်ရွယ်ပြီး လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ စီးပွားရေးဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ချပေးနိုင်ဖို့ လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျနော်တို့လုပ်ဆောင်တဲ့ ကာလတလျှောက် အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရပေမဲ့ တိုးတက်မှုတွေ အများအပြား ရရှိခဲ့ပါတယ်။ ဥပမာဆိုရင် ရခိုင်အရေးကိစ္စ၊ ကိုဗစ်-၁၉ ဖြစ်လာတဲ့ ကိစ္စတွေက ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အခက်အခဲတွေပါ။ ဒီကြားထဲက လုပ်ခဲ့ရတာတွေပါ။”

“ကျနော်တို့လုပ်ဆောင်တဲ့ ကာလတလျှောက်လည်း စစ်တပ်နဲ့ အတိုက်အခံလုပ်ခဲ့ရတာတွေ ရှိပါတယ်။ တခုခုလုပ်မယ်ကြံတိုင်း သူတို့ဘက်က ဘာတွေတားဆီးလာမလဲ ဆိုတာမျိုးတွေ၊ ကျနော်တို့လုပ်နေတဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမြဲတမ်း အတိုက်အခံ လုပ်နေခဲ့တာတွေကြောင့် စိုးရိမ်ပူပန်ခဲ့ရတာတွေ အများကြီးရှိပါတယ်။ တော်တော်လေးတော့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် အန်အယ်လ်ဒီအစိုးရ အနေနဲ့ ဒုတိယသက်တမ်းမှာဆိုရင် အများကြီးတိုးတက်အောင် လုပ်လာနိုင်မယ်ဆိုတာကို ကျနော်က ယုံကြည်ပြီးသား ဖြစ်ပါတယ်။ အနာဂတ်အတွက် စီးပွားရေးဆိုင်ရာ အစီအစဉ်တွေကို ကျနော်တို့ ချမှတ်စီစဉ်နိုင်ခဲ့တဲ့အတွက်လို့ ပြောရမှာပါ။”

“ဒါပေမဲ့ အဲဒီလို စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ကျနော်နဲ့အတူ လက်တွဲ လုပ်ဆောင်ခဲ့တဲ့လူတွေကိုယ်တိုင် ကျနော့်လိုပဲ အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေထဲကို ရောက်သွားခဲ့ရပါတယ်။ တကယ်တော့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးဟာ တကယ့်ကို အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ အခုလို ဖြစ်သွားရတာ တော်တော်ကို စိတ်ထိခိုက် ကြေကွဲစရာ ကောင်းလှပါတယ်။ ကျနော့်စာအုပ်ထဲမှာတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း ဖော်ပြထားပါတယ်။ အများစုကတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၆ ရက်နေ့ ကျနော်အဖမ်းခံရတဲ့ အကြောင်းတွေ၊ ထောင်ကျသွားတဲ့အကြောင်းတွေ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့အချိန်မှာ SB (Special Branch) တွေက ကျနော့်ကို အခန်းကျဉ်းလေးထဲမှာထည့်ပြီး စစ်ဆေးခဲ့တာပါ။ ပြီးတော့မှ အင်းစိန်ထောင်ကို ပို့လိုက်တာပါ။ တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ (တခြား ကျနော့်ရဲ့ မိတ်ဆွေတွေ အပါအဝင်) အတူ ရုံးတင်စစ်ဆေးခံနိုင်ဖို့ နေပြည်တော်ထောင်ကို ထပ်ရွှေ့ခဲ့ရတဲ့ အကြောင်းတွေအထိ ကျနော်ရေးထားပါတယ်။”

“ဒီနေရာမှ ပြောချင်တာက ကျနော့်ကို စစ်ကြောရေးစခန်းကနေ အင်းစိန်ကို ပြောင်းလိုက်တယ်။ အင်းစိန်ထောင်ရောက်တဲ့ အချိန်မှာတော့ အဆိုးဝါးဆုံး အနေအထားနဲ့ ညှဉ်းပန်းနှိပ်စက် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ခွင့်ရခဲ့တယ်။ ဒါတောင် သူတို့ဟာ တကယ်ကို  ရက်ရောကြတယ်၊ စေတနာကောင်းကြတယ်၊ မျှဝေခံစားတတ်ကြပါတယ်။ ကျနော့်အပေါ်မှာလည်း ကောင်းခဲ့ကြတယ်။ မြန်မာတွေရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို သိခွင့်ရတဲ့ကာလလို့ ပြောရမှာပါ။ ဒီလိုနဲ့ပဲ နေလာရင်း မနှစ်က နိုဝင်ဘာမှ ကျနော် ပြန်လွတ်လာခဲ့တယ်ပဲ ဆိုပါတော့။”

မေး။ ဟုတ်ကဲ့ ပါမောက္ခ ရှောင်တာနယ်ရှင့်၊ အာဏာသိမ်းတာကို တွေ့ကြုံခဲ့ရတော့ အဲဒီတုန်းက ဘယ်လိုခံစားတုံ့ပြန်မိသလဲ ဆိုတာလေးလည်း ပြောပြပေးပါဦး။

ဖြေ။ “အမှန်အတိုင်းပြောရရင်တော့ ဖေဖော်ဝါရီလ ၁ ရက်နေ့  အာဏာသိမ်းပြီလို့ ကြားကတည်းက စိုးရိမ်မိတာတော့ အမှန်ပဲဗျ။ ဒါပေမဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မတိုင်မီအထိ ကျနော် အဖမ်းမခံရသေးပါဘူး။ ဆိုတော့ ကြားထဲမှာ ၅ ရက်လောက်တော့ အချိန်ရခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကျနော့်အတွက် စွန့်စားလုပ်ကိုင်ရမှာတွေ ရှိလာပြီ ဆိုတာကို ကျနော် သိနေခဲ့တယ်။ ကျနော့်အတွက် အချိန်မရဘူး၊ ကျနော် ထွက်မှဖြစ်တော့မယ် ဆိုတာမျိုး တွေးမိတာ ရှိပါတယ်။”

“ဒါပေမဲ့လို့လည်း အားလုံးမှတ်မိလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတုန်းက ကိုဗစ်ကာလကြီး ဖြစ်တဲ့အတွက် လေယာဉ်ပြေးဆွဲတဲ့ အစီအစဉ်တွေကလည်း မရှိပါဘူး။ ဆိုတော့ ကျနော့်အတွက် ခက်ခဲပါတယ်။ အရိုးသားဆုံးပြောရရင် ကျနော်ရဲ့မိတ်ဆွေတွေကို ကျနော် ချန်ထားရစ်ခဲ့မယ် ဆိုတဲ့အပေါ်မှာလည်း ကျနော် တွေဝေနေခဲ့တယ်။ အဲဒီလိုနဲ့ပဲ ကျနော် အချိန်ကြာသွားရတာပါ။ နောက်ဆုံးတော့ ကျနော် အဖမ်းခံလိုက်ရတယ်။ ဟုတ်ပါတယ်၊ စိုးရိမ်စိတ်ရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အခုလောက်အထိ ကြာသွားလိမ့်မယ်လို့လည်း ကျနော် မထင်ပါဘူး။”

“ကျနော်ထင်တာက စစ်တပ်က ကျနော့်ကို ခြောက်လှန့်တာမျိုးတွေ လုပ်လိမ့်မယ်။ ကျနော့်ကို အကူအညီပေးတဲ့ တခြားသောသူတွေကိုလည်း ဒီလိုပဲလုပ်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလောက်အထိ လုပ်လိမ့်မယ်၊ ဒီလောက်အထိ အချိန်အကြာကြီး နေခဲ့ရမယ်လို့တော့ မထင်ခဲ့ပါဘူး။ ကျနော် ထောင်ထဲမှာ နှစ်နှစ်နီးပါး နေခဲ့ရပါတယ်။ ဒါကြောင့် အစောပိုင်းမှာ စိုးရိမ်မှုရှိတယ် ဆိုပေမဲ့ ဒီလို ထောင်ထဲမှာ အကြာကြီး ဆိုးဆိုးဝါးဝါး ရင်ဆိုင်ဖြတ်သန်းရလိမ့်မယ်လို့တော့ မထင်ခဲ့တာတော့ အမှန်ပါ။”

မေး။ ပါမောက္ခ ရှောင်တာနယ်ရှင့်၊ ကျမတို့သိရတဲ့အတိုင်းဆိုရင် အင်းစိန်ထောင်ထဲကို မပြောင်းခင် စစ်ကြောရေးမှာ နှစ်လလောက် နေခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလေး နည်းနည်းလောက် ပြောပြပေးပါဦး။

ဖြေ။ “ဒီနှစ်လက အဆိုးဆုံးကာလလို့တောင် ပြောလို့ရပါတယ်။ ပြတင်းပေါက်တောင်မရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ကျနော် နေခဲ့ရတယ်။ အဲဒီနေရာက အင်းစိန်ထောင်အနီးမှာရှိတဲ့ (CID headquarter) နေရာပါ။ အခုကြည့်နေ၊ နားထောင်နေတဲ့ လူတွေအားလုံး အဲဒီနေရာကို သိကြမယ်လို့ ထင်ပါတယ်။ တော်တော်လည်း ဆိုးပြီးတော့ ကြောက်စရာသိပ်ကောင်းတဲ့ နေရာပါ။ မှောင်မည်းမည်း အခန်းကျဉ်းလေးရဲ့အလယ်မှာ သတ္တုနဲ့လုပ်ထားတဲ့ ထိုင်ခုံလေးတခုပဲ ချထားပါတယ်။ အဲဒီထိုင်ခုံမှာ ကျနော့်လက်တွေကိုရော၊ ခြေထောက်တွေကိုပါ ခတ်ထားပါတယ်။ တကယ့်ကို အခန်းကျဉ်းလေးလို့ ပြောရမှာပါ။”

“အဲဒီအခန်းကျဉ်းလေးထဲမှာပဲ ကျနော် နှစ်လကြာ နေခဲ့ရပါတယ်။ ပြောရရင် ကျနော့်စိတ်၊ ကျနော့်အာရုံကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ စာအုပ်တအုပ်တောင်မှ မရှိသလို စာအုပ်နဲ့ တူတာဆိုလို့လည်း ဘာမှမရှိပါဘူး။ အဲဒီအခန်းကျဉ်းလေးထဲမှာ နေရင်း ကျနော့်ဘဝဟာ ဘာမှ မရေရာ၊ မသေချာလှတဲ့ ဘဝဆိုတာ ကျနော် သိနေခဲ့ပါတယ်။ အပြင်လောကနဲ့လည်း အဆက်ဖြတ်ခံထားရတယ်။ အဲဒီအချိန်တုန်းက သံရုံးကသူတွေတောင် ကျနော်နဲ့ တွေ့ခွင့်မရသလို တခြားလည်း ဘယ်သူနဲ့မှ ထိတွေ့ခွင့်မရပါဘူး။ တကယ့်ကို စိုးရိမ်ပူပန် ကြောင့်ကြစိတ်တွေနဲ့ အတိပြီးနေတဲ့ ကာလပါ။ ဒါ့အပြင် ကျနော့်ကိုလည်း ဆိုးဆိုးဝါးဝါး ဆက်ဆံတာမျိုးတွေ ရှိပါတယ်။ ဒါတွေကတော့ ဒီအခန်းကျဉ်းလေးထဲမှာ ကျနော် ကျရောက်ခဲ့စဉ်က တွေ့ကြုံခံစားခဲ့ရတာတွေပါ။ ဆိုတော့ ကောင်းမွန်တဲ့ကာလတခု မဟုတ်ခဲ့တာတော့ သိပ်သေချာပါတယ်။ ပြောရရင် ကျနော် အင်းစိန်ထောင် ရောက်လာခဲ့ပြီး နောက်ပိုင်းကာလနဲ့တောင် မတူပါဘူး။ အင်းစိန်ထောင်ရောက်တော့ ကျနော့်မိတ်ဆွေတချို့နဲ့ ပြန်ဆုံတွေ့ခွင့်ရတယ်။ ကျနော်မသိတဲ့ တခြားသောလူတွေနဲ့လည်း ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ဒီလို တခြားသူတွေနဲ့ ထိတွေ့ခွင့်လေးတွေ ရလာတဲ့အတွက် ကျနော့်အခြေအနေက စစ်ကြောရေးမှာထက် ပိုပြီးကောင်းမွန်တယ်လို့ ခံစားရပါတယ်။ စစ်ကြောရေးမှာ နေခဲ့ရတဲ့ ဒီနှစ်လကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးကာလလို့ ကျနော်ပြောချင်ပါတယ်။”

“ဒါပေမဲ့ အင်းစိန်ထောင်မှာလည်း ကျနော့်ကို ပုံစံမျိုးစုံနဲ့ ညှဉ်းပန်းမှုတွေတော့ ရှိပါသေးတယ်။ အသံတွေ ကြားနေရတယ်။ အဲဒီအထဲမှာ ကြောက်စရာ အကောင်းဆုံးကတော့ တခြား နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းနေတဲ့ အသံတွေနဲ့ အော်ဟစ်သံတွေပါ။ ကျနော် စိတ်သောက ထပ်ရောက်ရပြန်ပါတယ်။ ကျနော့်ကို ဖမ်းထားတဲ့သူတွေက ဒီအသံတွေကို ကျနော့်ကို ပေးကြားစေချင်တယ်လို့ ထင်တယ်။ ကျနော့်ကိုလည်း တနည်းတဖုံနဲ့ ကြောက်လန့်အောင် ခြိမ်းခြောက်ပြီးသား ဖြစ်သွားမယ်ဆိုတဲ့ အတွေးနဲ့ လုပ်ပုံရပါတယ်။ အမှန်တော့ အင်းစိန်ထောင်ထဲမှာ တခြားနိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်သလောက်တော့ ကျနော့်ကို သူတို့ မနှိပ်စက်တော့ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်ချက်တွေကလည်း တခြားသူတွေလိုပဲ ကျနော့်ကို ထိခိုက်နာကျင်စေခဲ့တာပါ။ တော်တော်လေးဆိုးတဲ့ ဘဝတွေလို့ ပြောရမှာပါ။”

မေး။ စစ်ကြောရေးပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တဲ့ အနေအထားမှာ အင်းစိန်ထောင်မှကော တခြား ဘာတွေ ထပ်ပြီး ကြုံတွေ့ရသေးသလဲ။

ဖြေ။ “အင်းစိန်ထောင် ဆိုတာလည်း စောစောက ကျနော်ပြောသလို အတော်ဆိုးတဲ့ အနေအထားပါ။ ဒါပေမဲ့ ကျနော့်ကိုကူညီတဲ့ မြန်မာမိတ်ဆွေတွေ ရှိပါတယ်။ ဒီစာအုပ်ထဲမှာ ကျနော် ထည့်ပြီးရေးထားပါတယ်။ ကျနော် သူတို့ကို ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီအထဲက တယောက်ဆိုရင် ကျနော့်ကိုပြောပါတယ်။ ရှောင်ရေ အခုတော့ ငါတို့နဲ့အတူရှိနေလို့ မင်း လုံခြုံသွားပါပြီလို့ ပြောတယ်။ ဒါက ကျနော့်အတွက် အရမ်းအံ့ဩဖို့ကောင်းတဲ့ ဖြစ်ရပ်ပါ။ နောက်ပိုင်းမှာ ကျနော် သူနဲ့ အတော်ခင်မင်သွားတယ်။ နောက်တယောက်လည်း ရှိသေးတယ်။ သူကတော့ ကိုခင်မောင်ရွှေဆိုတဲ့သူပါ။ သူက မွတ်စလင်တယောက်ပါ။ သူလည်း ကျနော့်အပေါ် အတော်ကောင်းရှာပါတယ်။”

“သူက ကျနော့်ကို ကောင်းကောင်းစောင့်ရှောက်ခဲ့ပါတယ်။ အမြဲလို အကာအကွယ်ပေးပါတယ်။ ဒါပေမဲ့ သူ့ဘဝကို ထောင်ထဲမှာ အဆုံးသတ်သွားရတယ်ဆိုတာ သိလိုက်ရလို့ ကျနော် အရမ်း စိတ်ထိခိုက်ရပါတယ်။ အင်းစိန်မှာ ကျနော် ၆ လ နေခဲ့ရတယ်။ ပြီးတော့ နေပြည်တော်ကို ပြောင်းရတယ်။ အဲဒီမှာ တရားရုံးတက်ရတယ်။ နေပြည်တော်မှာ တရားရင်ဆိုင်ရတာ တနှစ်ကြာပါတယ်။ ပြီးတော့ အင်းစိန်ကို ပြန်လွှဲပြန်ပါတယ်။”

“ကျနော် အင်းစိန်ထောင်ကို ပြန်ရောက်တဲ့အချိန်မှာ ကိုခင်မောင်ရွှေ အသတ်ခံလိုက်ရပြီလို့ သိလိုက်ရပါတယ်။ သူ့ကို သတ်ခဲ့တဲ့သူတွေက ထောင်ကအစောင့်တွေပါ။ ရန်ဖြစ်တဲ့ပုံစံမျိုး ဖန်တီးပြီး သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ပစ်လိုက်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထောင်အာဏာပိုင်တွေက ကိုခင်မောင်ရွှေကို အတော်လေး လန့်ကြတယ်။ သူက လူမှန်တယောက်ပါ။ သူ့အတွက် သူ မားမားမတ်မတ် ရပ်တည်ဖြေရှင်းတတ်သလို အများအတွက်လည်း မားမားမတ်မတ် ရပ်တည်တတ်ပါတယ်။ ကျနော်တို့လို လူမျိုးတွေ အတွက်လည်း ရပ်တည်ပေးခဲ့ပါတယ်။”

“ဟုတ်ပါတယ်။ သိပ်စိတ်ထိခိုက်စရာကောင်းတဲ့ ဖြစ်ရပ်ပါ။ ပြောခဲ့တဲ့အတိုင်းပဲ ပထမအကြိမ် အင်းစိန်ထောင်သက်တမ်းမှာ သူ ကျနော့်ကို အများကြီးကူညီခဲ့ပါတယ်။ တခြားသူတွေလည်း ကူညီခဲ့ကြပါတယ်။ တကယ်တော့ သူတို့ရဲ့အခြေအနေတွေက ကျနော့်ထက် အများကြီး ဆိုးပါတယ်။ ဒါပေမဲ့ သူတို့မှာ ဘာလေးပဲရရ ကျနော့်ကို မျှဝေပေးကြပြန်ပါတယ်။ ဒါတွေဟာ ကျနော့်အတွက်တော့ အရမ်းကို အံ့ဩဝမ်းသာဖြစ်ရတဲ့ ဖြစ်ရပ်တွေပါ။ အခြေအနေ အတော်ဆိုးတယ် ဆိုပေမဲ့ ဆက်လက်ရှင်သန်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်တွေ ဝင်လာခဲ့တယ်။ ဘာကြောင့်လဲဆိုတာ့ သူတို့ရဲ့သတ္တိ၊ သူတို့ရဲ့ခံနိုင်ရည်တွေကို ကျနော် မြင်တွေ့ခွင့်ရနေတဲ့အတွက်ပါ။ သူတို့ကို ကျနော် လေးစားအားကျမိပါတယ်။ အခုလည်း လေးစားအားကျလျက် ရှိနေဆဲပါပဲ။”

မေး။ ဟုတ်ကဲ့ပါ။ အင်းစိန်ထောင်ကနေ နေပြည်တော်အကျဉ်းစခန်းကို ပို့လိုက်တဲ့ အကြောင်းကို ထပ်ပြောပေးပါဦး။

အဖြေ။ “ဟုတ်ပါတယ်။ နေပြည်တော်အကျဉ်းစခန်းကို ပြောင်းရပါတယ်။ အဲဒီနေရာ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီ နေပြည်ထောင်အကျဉ်းထောင်ဆိုတာက တကယ့်ထောင်သားမဟုတ်တဲ့သူတွေ၊ ဘာပြစ်မှုကိုမှ မကျူးလွန်ခဲ့တဲ့သူတွေအတွက် ရည်ရွယ်ပြီးလုပ်ထားတဲ့ နေရာတခုပါ။ အကျဉ်းထောင်ရဲ့ အခြေအနေက သိပ်ဆိုးပေမဲ့ ဒီမှာထားတဲ့သူတွေကတော့ တကယ် ပြစ်မှုကျူးလွန်တဲ့သူတွေ မဟုတ်ကြပါဘူး။ နေပြည်တော်အကျဉ်းစခန်းမှာ ကျနော် တနှစ်လောက် ကြာခဲ့ပါတယ်။ ဒီလိုပြောလို့ နေပြည်တော်ကို မကောင်းတဲ့နေရာလို့ ပြောတာမဟုတ်ပါဘူး။”

“ကျနော် လွတ်လွတ်လပ်လပ် ရှိခဲ့စဉ်ကာလက ကျနော် ဒီနေရာကို ကြိုက်ခဲ့ပါတယ်။ အခုကြည့်နေ၊ နားထောင်နေတဲ့သူတွေ ဒီအနေအထားတွေ ဘယ်လောက်ဆိုးတယ်ဆိုတာ သိကြပါလိမ့်မယ်။ နွေရာသီဆို အရမ်းပူတယ်၊ မိုးရာသီဆိုရင် မိုးတွေက ယိုတယ်၊ တော်တော်ကို နေလို့ထိုင်လို့မရတဲ့ အနေအထားပါ။ ကျနော်နဲ့ ကပ်လျက်အခန်းတွေမှာဆိုရင်လည်း တကယ်မကျူးလွန်တဲ့သူတွေ အများအပြားကို ဖမ်းထားတာတွေ ရှိပါတယ်။”

“အခန်းတွေရဲ့ အခြေအနေက ဆိုးလှသလို အစားအစာကလည်း ညံ့လှပါတယ်။ အစောင့်တွေကလည်း ဆိုးတာပါပဲ။ အစောင့်တွေထဲမှာ အနည်းစုလောက်သာ သိပ်အဆိုးကြီး မဟုတ်တာပါ။ ဒါပေမဲ့ ခြုံငုံကြည့်ရင် ဆိုးတာကတော့ ဆိုးတာပါပဲ။ ဆိုးပုံဆိုးနည်း နည်းနည်းကွဲတာပဲ ရှိတာပါ။”

“အဲဒီရောက်တဲ့အခါမှာလည်း ကျနော့်ရဲ့ မြန်မာမိတ်ဆွေတချို့နဲ့ ပြန်ဆုံရလို့ ဝမ်းသာပျော်ရွှင်ရတာ၊ ပိုရဲရင့်လာတာမျိုးတွေတော့ ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ဦးဝင်းထိန်လို လူမျိုးတွေနဲ့ ပြန်ဆုံရတယ်။ သူက ဒီမိုကရေစီရေးအတွက်တော့ အတော်လေး ပြတ်သားခိုင်မာတဲ့လူပါ။ ကျနော် နေပြည်တော်ထောင် ရောက်တဲ့အခါမှာ သူလည်း ရောက်နှင့်ပြီဆိုတော့ ကျနော်တို့ ခြောက်လလောက်တော့ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ သူက သူ့ကိုယ်သူ သိပ်ယုံကြည်လွန်းတာတွေ ရှိပေမဲ့ သိမ်မွေ့တဲ့အပိုင်းလည်း ရှိပါတယ်။ သတ္တိလည်း ကောင်းသလို လေးစားထိုက်တဲ့လူမျိုးပါ။ ကျနော်တို့ ထောင်ထဲကလူတွေက သူ့ကို ချစ်ကြပါတယ်။ သူ့ ရန်သူထဲမှာတောင် သူ့ကို လေးစားတဲ့သူတွေ ရှိပါတယ်။ ဒါကတော့ သူ့ရဲ့ သတ္တိနဲ့ သူ့ရဲ့ရပ်တည်ချက်အပေါ် တန်ဖိုးထားတဲ့အတွက် ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ နေပြည်တော်အကျဉ်းထောင်ဆိုတာ အတော်လေးဆိုးတဲ့ နေရာတခုဖြစ်သလို ကျနော့်အတွက်လည်း အတော်လေး ဒုက္ခရောက်တဲ့နှစ်လို့ ပြောရမှာပါ။”

မေး။ ဟုတ်ကဲ့၊ အဆိုးဆုံး ထောင်တွင်းအတွေ့အကြုံတွေကို ပြောပါဆိုရင် ဘယ်လိုအရာမျိုးတွေ ဖြစ်မလဲရှင့်။

ဖြေ။ “များတော့ များပါတယ်။ ဥပမာ စောစောက ကျနော်ပြောတဲ့ ကိုခင်မောင်ရွှေကိစ္စ ဆိုရင်လည်း အတော်လေးဆိုးတဲ့ကိစ္စပါ။ အဲလိုပဲ တခြားနိုင်ငံရေးအကျဉ်းသားတွေ အရိုက်ခံရတာတွေ မြင်တွေ့ရတာလည်း တော်တော် စိတ်ဆင်းရဲစရာ ကောင်းပါတယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျောကုန်းမှာ ရိုက်နှက်ခံရပြီး အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေ ရှိတယ်။ အဲဒီဒဏ်ရာတွေကို ပိုးသတ်ဆေးရည်တွေ လောင်းထည့်တယ်။ တော်တော်ဆိုးပါတယ်။ သူတို့အော်ကြတယ်။ ကျနော့်စာအုပ်မှာ ထည့်ရေးထားတဲ့ အဖြစ်အပျက်တွေထဲမှာဆိုရင်တော့ ကျနော်တို့ကို ရုံးထုတ်တဲ့ပုံစံတွေအကြောင်း ရေးသားထားတာ ပါပါတယ်။ ကျနော်တို့ ထောင်ထဲက အကျဉ်းသား အယောက် ၅၀ လောက်ကို ဗင်ကားတစီးထဲမှာ ကျပ်သိပ်ထိုးထည့်ပြီး တရားရုံးကို ပို့တာပါ။ ကားထဲမှာ အရမ်းပူပါတယ်။ ကြပ်ညပ်ပြီး စီးရပါတယ်။ လက်ထိပ်ကြီးတွေကလည်း တန်းလန်းနဲ့ အားလုံးကို ချည်ထားတယ်။ ကျနော်တို့ သတိလစ်မတတ်၊ လဲကျမတတ် ဖြစ်ကြပါတယ်။ ထိုးအန်ကြရတယ်။ ကျနော် ရှစ်လေးလုံး အရေးအခင်းကာလကလည်း အဲလိုဖြစ်ခဲ့တဲ့ အကြောင်းတွေ ကြားဖူးခဲ့တယ်။ ဒါကြောင့် ဗင်ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားရတဲ့သူတွေ ရှိတယ်လို့ သိခဲ့ရတဲ့အခါ၊ အဲဒီအချိန် အဲဒီတုန်းက သေသွားခဲ့ကြတဲ့ ကျောင်းသားတွေဟာ အခုလို ပြွတ်သိပ်ပြီး ထိုးထည့်ခံရလို့ ဖြစ်မယ်လို့ပဲ တွေးမိပါတယ်။ ဒီတော့ ဒီအချိန်တွေဟာလည်း အဆိုးဆုံးလို့ ပြောလို့ရတဲ့ အချိန်တွေပါ။ ဒါမျိုးဖြစ်ရပ်တွေ အများကြီးဆိုတာမျိုး မှတ်ချက်တွေလည်း ပေးကြပါတယ်။”

“ဆိုးပါတယ်ဗျာ၊ နောက်ဆုံးတခု ပြောချင်တာကတော့ နေပြည်တော်ထောင်ကနေ အင်းစိန်ကိုပြန်တဲ့ ခရီးစဉ်ပါ။ အဲဒီဗင်ကားထဲမှာ ရဲငါးယောက်က ကျနော်နဲ့အတူ လိုက်ပါလာတယ်။ ကျနော်တို့ကားရှေ့မှာ ရဲကားတစီး၊ နောက်မှာ တစီးရှိတယ်။ လက်နက်တွေ အပြည့်အစုံတပ်ထားတဲ့ စစ်သားနဲ့ ရဲ၊ စုစုပေါင်း ၁၈ ယောက်ပါတယ်။ သူတို့က ကျနော့်ကို စောင့်ကြပ်ပြီး လိုက်လာတာ။”

“ကျနော်တွေးတယ်၊ တော်တော်ရယ်စရာတော့ ကောင်းနေပြီ။ အဲဒီတုန်းက ကျနော့်အသက် ၅၈ နှစ်၊ အခု ၅၉ နှစ်ပါ။ လူတွေက ကျနော့်ကို သေချာသိကြလို့လား၊ မသိပါဘူး။ ကျနော်ဆိုတာက ရုပ်ပိုင်းဆိုင်ရာအရ အားကောင်းမောင်းသန် လူတယောက်လည်း မဟုတ်ဘူး။ ဆိုတော့ ကျနော့်အတွက် စစ်သားနဲ့ ရဲ ၁၈ ယောက်ကို အခုလို Machine Gun တွေနဲ့၊ လက်နက်အပြည့်အစုံ တပ်ပေးလိုက်ဖို့ လိုသလားပေါ့။ တော်တော်တော့ အဓိပ္ပာယ်ကင်းမဲ့တဲ့ အလုပ်ပါဗျာ။ ပြီးတော့ ကျနော့်ကိုလည်း လက်ထိပ်ခတ်ထားတယ်။ ခြေချင်းလည်း ခတ်ထားတယ်။ တော်တော်တော့ ရယ်စရာကောင်းတယ်ဗျာ။ တော်တော်လေးလည်း အရုပ်ဆိုးတဲ့ဖြစ်ရပ်ဗျ။”

“ပြီးတော့ ရယ်စရာကောင်းတဲ့ နောက်တခုလည်း ရှိသေးတယ်။ သူတို့က ကျနော့်ကို ကျည်ကာအင်္ကျီလည်း ဝတ်ထားပေးသေးတယ်။ ပြီးတော့ သူတို့ကပြောတယ်၊ နေပြည်တော်ကနေ ရန်ကုန်အပြန်မှာ သူတို့ ကားလမ်းမှာ တိုက်ခိုက်ခံရမှာ စိုးလို့ပါတဲ့။ ကျနော်က သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိနေတာကို သိသွားတယ်။ အဲဒီတော့ အဲဒီအခိုက်အတန့်ကို ကျနော် ကောင်းကောင်းအသုံးချလိုက်တယ်။ ကျနော်က သူတို့ကို ပြောလိုက်တယ်။ နင်သိတယ်မလား၊ ငါတို့သာ တနည်းနည်းနဲ့ ခြုံခိုတိုက်ခိုက်ခံရမယ်ဆိုရင် တိုက်ခိုက်တဲ့လူတွေက ငါ့ကိုတော့ ရည်ရွယ်ပြီး ပစ်မှာမဟုတ်ဘူး။ နင်တို့ကိုပဲ ရည်ရွယ်ပြီး ပစ်လိမ့်မယ်လို့ ပြောလိုက်တယ်။ ငါကလုံခြုံပေမဲ့ နင်တို့ မလုံခြုံဘူးလို့ ဆိုလိုက်တယ်။ အဲဒီစကားက သူတို့ကို တော်တော်လေး ထိသွားပုံရတယ်။ ကျနော့်အတွက်တော့ ဒီလိုပြောနိုင်လိုက်တာကို ရှားရှားပါးပါး အောင်ပွဲတခုလို့တောင် မြင်မိပါတယ်။ ဟုတ်ပါတယ်။ တော်တော်ဆိုးတဲ့ အနေအထားတွေပါ။ စာအုပ်ထဲမှာတော့ အသေးစိတ် ရေးထားပါတယ်။ အခန်းတွေက စုတ်ပြတ်နေသလို ခေါင်မိုးက ရေတွေယိုကျနေတဲ့ နေပြည်တော်က အကျဉ်းစခန်းတွေမှာ နေရတာဟာ တကယ့်ကို စိတ်ပျက်ဖွယ်ကောင်းတဲ့ ကာလတွေပါ။”

“နေပြည်တော် ဆိုတာက မိုးတွင်းဘက်ကျရင် မိုးက သဲသဲမဲမဲ ရွာတတ်တာ၊ လောင်းချသလို ရွာတယ်။ အဲလိုနေ့မျိုးတွေကျရင် ကျနော် ဘယ်လိုမှ အိပ်လို့မရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ တခန်းလုံး ရေတွေဝင်တယ်လေ။ အဲဒီအချိန် ကိုယ့်ပစ္စည်းလေးတွေ ကိုယ့်လက်မှာကိုင်ပြီး၊ တညလုံး မတ်တပ်ရပ်နေရတာပါ။ တကယ်ပဲ အဲဒီလို ဆိုးဆိုးဝါးဝါး အနေအထားမျိုး ကြုံရတာပါ။ မီးရောင်ဆိုတာလည်း တကယ့်မှိန်မှိန်လေးပါ။”

မေး။ ထောင်ကထွက်ခါနီးမှာ ထောင်အာဏာပိုင်တွေက တခုခု မှာကြားလိုက်တာ ရှိသေးလား။ ပုံမှန်အားဖြင့်တော့ သူတို့ အဲဒီလို ပြောဆို မှာကြားတာတွေ ရှိတယ်လို့ သိရတယ်။ ကျမဆိုလိုတာက တခုခု မှာလိုက်တာမျိုးပေါ့။

ဖြေ။ “အဲဒီလိုပြောလိုက်တာမျိုးတော့ မရှိပါဘူး။ ကျနော်လွတ်လာတာဆိုရင် တော်တော်လေးတော့ အံ့ဩစရာ ကောင်းပါတယ်။ အမှန်တော့ အဲဒီအချိန်မှာ ကျနော့်အနေနဲ့ ပြန်လွတ်မယ်ဆိုတဲ့ မျှော်လင့်ချက်တောင် မရှိသလောက်ပါပဲ။ ကျနော်တွေးနေတာက ငါ ဒီအထဲမှာ နောက်ထပ် နှစ်တွေအများကြီး နေရနိုင်သေးတယ်ဆိုတဲ့ အတွေးပဲ ရှိပါတော့တယ်။ ဆိုတော့ လွတ်မယ့်အကြောင်းသိရတော့ အရမ်းအံ့ဩသွားတယ်။ သူတို့ကတော့ ကျနော့်ကို ဘာမှ များများစားစားမပြောဘူး။ သူတို့ ကျနော့်ကို ပြည်နှင်ဒဏ်ပေးမယ်ဆိုပြီး လေဆိပ်ကို တန်းခေါ်လာတယ်။ အဲဒီအချိန်မှာ လဝက အရာရှိတယောက် ပြောတာတော့ရှိတယ်။ သူက ‘ကျနော်တို့မြန်မာတွေကို မမုန်းလိုက်ပါနဲ့’ တဲ့။ အဲဒီအခိုက်အတန့်ဟာ တကယ့်ကို ထူးဆန်းတဲ့ အခိုက်အတန့်ပါ။ ကျနော်က ‘ကျနော် မြန်မာတွေကို နည်းနည်းလေးတောင် မမုန်းပါဘူး’ လို့ သူ့ကိုကြည့်ပြီး ပြန်ပြောလိုက်တယ်။ စောစောက ကျနော်ပြောခဲ့တဲ့အတိုင်းပါပဲ၊ မှန်ပါတယ်၊ ကျနော် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေကို မကြိုက်ဘူး။ ဒါပေမဲ့ မြန်မာပြည်သူလူထုကိုတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပါပဲ။ သိတဲ့အတိုင်းပဲ၊ သူတို့က ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်နှိပ်စက် ညှဉ်းပန်းနေတဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ကျနော်က ‘ငါ မြန်မာတွေကိုချစ်တယ်.... နောက်လည်း ချစ်နေဦးမှာ... ငါတွေ့ခဲ့သမျှ သူတို့ဟာ အကောင်းဆုံးလူသားတွေပါ’ လို့ ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်တာက ဘယ်လို အဓိပ္ပာယ်လဲဆိုတော့ မြန်မာတွေက ကောင်းပါတယ်။ သူတို့ကိုအုပ်ချုပ်နေတဲ့ သူတွေကသာ အဆိုးဝါးဆုံးသူတွေ ဖြစ်တယ်ဆိုတာကို ပြောပြလိုက်တာပါ။”

မေး။ ပါမောက္ခကြီးရဲ့ အင်တာဗျူးတခုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ပြန်ဆုံရတယ် ဆိုတာကို ပြောထားတာ တွေ့ရတယ်။ ဘယ်လိုတွေ့ခဲ့၊ ပြန်ဆုံခဲ့ရတယ် ဆိုတာကို မျှဝေပေးပါဦး။

ဖြေ။ “ကျနော် နေပြည်တော်မှာ တရားရင်ဆိုင်နေရတဲ့ တနှစ်တာကာလအတွင်းမှာ အပတ်တိုင်းလိုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံခဲ့ရပါတယ်။ ကျနော်တို့ တရားရုံးကို ကြာသပတေးနေ့တိုင်းလိုလို သွားရပါတယ်။ မနက်ပိုင်းမှာ နာရီဝက်လောက် စကားပြောဖို့ အချိန်ရပါတယ်။ သူ့ရဲ့အနေအထားကတော့ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်ပါတယ်။”

“ကျနော် မြန်မာပြည်သူတွေကို အားပေးချင်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ တော်တော်လေး စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ ဖြစ်ပါတယ်။ ခံနိုင်ရည်လည်း ရှိပါတယ်။ မျှော်လင့်ချက်လည်း ရှိပါတယ်။ သူက အတော်ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်သလို အင်မတန်လည်း ပါးနပ်ပါတယ်။ ကျန်တဲ့လူတွေအများစုရဲ့ စိတ်ဝိညာဉ်ကိုလည်း မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါထက်ပိုတာက သူက ဘယ်တော့မှ ညည်းညူတတ်တဲ့သူ မဟုတ်ပါဘူး။ သူနဲ့တွေ့တဲ့အခါတိုင်း သူ နေရထိုင်ရတဲ့ အနေအထား၊ သူ့ရဲ့အခန်းလေးနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ်၊ တခြားအကြောင်းတရာတခုခုနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ် ညည်းညူသံ တခါမှ ကျနော်မကြားခဲ့ရပါဘူး။”

“သူက ကျနော်တို့စိတ်ဓာတ်ကို အမြဲမြှင့်တင်ပေးပါတယ်။ တရားရုံးဆိုတဲ့ အရာတွေနဲ့ ပတ်သက်ရင် အတော်သတိထားပြောဆိုတယ်။ တကယ်တော့ ဒါက အတော်လေး အဓိပ္ပာယ်မဲ့တာပါ။ တရားရုံးအစစ်လည်း မဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ဆိုတာတွေကလည်း တကယ့်ကို အရူးအနှမ်းတွေရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ အဲဒီအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် တယောက်ကတော့ တကယ့်ကို အံ့ဩစရာကောင်းလောက်ကို တည်ငြိမ်တာမျိုးပါ။ အခု သူနေမကောင်းဘူးလို့ကြားတော့ ကျနော့်စိတ်ထဲမှာ  နာကျင်ခံစားရပါတယ်။ ဒါပေမဲ့ ကျနော်တို့သိတဲ့၊ ကျနော်တို့ချစ်တဲ့ ဒေါ်စုဆိုတာ ကျနော်မြင်တွေ့ခဲ့ရတဲ့ အချိန်တိုင်း အဲဒီလိုအနေအထားမျိုးနဲ့ ရှိနေခဲ့တဲ့သူပါ။”

မေး။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၀ ကျော်နေပါပြီ။ အခုရက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေ ကြားနေရတယ်။ အခြေအနေက တစတစ ဆိုးလာတဲ့ပုံပါပဲ။ မကြာသေးခင်ကလည်း သွားကိုက်၊ သွားဖုံးရောင် ဖြစ်လို့ အပြင်းအထန် ခံစားနေရတယ် ဆိုတာမျိုး ကြားရပါတယ်။ ဆိုတော့ ပါမောက္ခ ရှောင်တာနယ်  အနေနဲ့  စိုးရိမ်ပူပန်မှု တခုခုရှိမလား၊ ဘယ်လိုသတင်းစကားမျိုး ပါးချင်ပါသလဲ။

ဖြေ။ “သူ့ကို အကျဉ်းချထားတဲ့ အနေအထားက တော်တော်လေး စိတ်မချမ်း‌မြေ့စရာ အနေအထား ဖြစ်ပါတယ်။ ကျနော်ဟာ သူနဲ့ နောက်ဆုံး စကားပြောခွင့်ရတဲ့ သူတွေထဲက တယောက်ပါ။ အဲဒီအတွက် စိတ်ထဲမှာ အနည်းငယ် စိတ်သက်သာစရာ ဖြစ်ခဲ့ပါတယ်။ အခုအချိန်ကနေ ပြန်တွက်ကြည့်ရင် ကျနော်နဲ့ သူ စကားပြောခဲ့တာ ပြီးခဲ့တဲ့ တနှစ်လောက်ကပါ။ ဒါမှမဟုတ် တနှစ်မရှိတရှိ အချိန်လောက်က ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ရဲ့ နောက်ဆုံးတရားခွင်မှာ ဆုံခဲ့ရတာပါ။ အဲဒီနေ့ကလည်း ကျနော်တို့ကို သူက စိတ်ခွန်အားဖြစ်စေမယ့် စကားတခွန်း ပြောခဲ့ပါတယ်။ အဲဒါက ဘယ်တော့မှ လက်မလျှော့နဲ့ ဆိုတဲ့စကားပါ။ ပြီးတော့ ကျနော့်ကို ကျေးဇူးတင်တယ်ဆိုတဲ့ အကြောင်းလည်း ပြောခဲ့ပါတယ်။”

“အခုလို သူဖြစ်နေတဲ့ အခြေအနေတွေက တော်တော်လေး စိတ်မချမ်း‌မြေ့စရာ အနေအထားပါ။ အခုဖြစ်နေတာက စစ်ကောင်စီဘက်က တခါတခါ ဝါဒဖြန့်တဲ့ ပုံစံမျိုးနဲ့ မတူပါဘူး။ စစ်ကောင်စီဟာ ‘သူမကို နေအိမ်အကျယ်ချုပ် ပြောင်းထားလိုက်ပြီ၊ သူမ ကျန်းမာရေး ကောင်းမွန်ပါတယ် ဆိုပြီး’ ဆိုပြီး ဝါဒဖြန့်လေ့ရှိပါတယ်။ အဲလို ပြောဆို ဝါဒဖြန့်ခဲ့တာတွေ ကလည်း တကယ်တော့ အမှန်မဟုတ်ပါဘူး။ ကျနော်နေခဲ့တဲ့နေရာက သူနေတဲ့အခန်းနဲ့ မီတာ ၁၀၀ လောက်ပဲ ဝေးပါတယ်။ နေပြည်တော် အကျဉ်းထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းပြီးရင် ထည့်ထားဖို့ အိမ်ပုံစံ အဆောက်အဦ သေးသေးလေးတခု ဆောက်ပေးထားတယ်။ ဒါပေမဲ့ အဲဒီ မည်ကာမတ္တအိမ်လေးက သူ့အတွက် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်သလို သက်တောင့်သက်သာ ဖြစ်စေလိမ့်မယ်လို့လည်း ကျနော်မထင်ပါဘူး။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စစ်အုပ်စုရဲ့ လုပ်ဆောင်မှုတွေဟာ သိပ်ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေပါ။ သူမရဲ့အနေအထား၊ သူမရဲ့ အသက်အရွယ်၊ သူမရဲ့ ဂုဏ်သိက္ခာအရလည်း မလုပ်သင့်ပါဘူး။ ဒါပေမဲ့ စစ်အုပ်စုဟာ သူမအပေါ်မှာ ဆိုးဆိုးဝါးဝါး ဆက်ဆံပြုမူနေကြတယ်။ ကံဆိုးစွာနဲ့ပဲ အခု ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးလို့ သိရတယ်။ စိတ်မကောင်းပေမဲ့ ကျနော် မအံ့ဩတော့ပါဘူး။”

“ဒါပေမဲ့ ကျနော်ထင်ပါတယ်။ တကယ်လို့များ ကောင်းတဲ့ဘက်က ပြောခွင့်ရမယ်ဆိုရင်တော့ ကျနော်ပြောခဲ့ပြီးသား စကားကိုပဲ ထပ်ပြောပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်အရရော၊ ပညာအရရော၊ ကိုယ်ကျင့်တရားအရရော ဘယ်တော့မှ ပြိုလဲပြီး ပျက်စီးသွားမယ့်သူမျိုး မဟုတ်ဘူး ဆိုတာပါပဲ။”

(အင်တာဗျူး ဒုတိယပိုင်း ဆက်လက် ဖတ်ရှုရန် လင့်ခ် - “ရုရှားကိုယ်တိုင်က မင်းအောင်လှိုင်လိုပဲ အပယ်ခံတွေပါ၊ သူတို့ အတွက် အနာဂတ်မရှိပါဘူး” - ပါမောက္ခ ရှောင်တာနယ် )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024