မက္ကဆီကန် မူးယစ်ဆေးဘုရင် အိုဗီဒီယို ဂုဇ်မန်းဟာ သူ့ကို အမေရိကန်ရဲ့ ဖန်တာနဲလ် မှောင်ခိုကူးမှု စွဲချက်တွေမှာ အပြစ်မရှိကြောင်း မက္ကဆီကိုကလွှဲအပ်ပြီး ၃ ရက်အကြာ စက်တင်ဘာ ၁၈ ရက်က ရှီကာဂိုရှိ ဗဟိုတရားရုံးမှာ လျှောက်လဲချေပခဲ့တယ်လို့ ရှီကာဂို ထရီဗြူးန် သတင်းစာက ဖော်ပြပါတယ်။
တင်းကျပ်တဲ့ လုံခြုံရေးအရ အကျဉ်းချုံး ကြားနာမှုအတွင်း ဂုဇ်မန်းဟာ လိမ္မော်ရောင် Jumpsuit နဲ့ ခြေချင်းဝတ်ကို ဝတ်ဆင်ထားပြီး တရားစွဲတာကိုလည်း စပိန်စကားပြန်မှတဆင့် နားထောင်ခဲ့ကြောင်း ထရီဗြူးန်သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဂုဇ်မန်း ရင်ဆိုင်နေရတဲ့ စွဲချက် ၆ ခုထဲက ၂ ခုဟာ မဖြစ်မနေ တသက်တကျွန်းပြစ်ဒဏ် ကျခံရမှာဖြစ်တယ်လို့ ထရီဗြူးန်ရဲ့ အဆိုအရ သိရပါတယ်။
မက္ကဆီကိုနဲ့ ရာဇဝတ်သား လွှဲပြောင်းရေးဆိုင်ရာ ညှိနှိုင်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ သေဒဏ်ကို မချမှတ်ဖို့ အမေရိကန်က သဘောတူခဲ့ကြောင်း အဲဒီသတင်းစာက ဖော်ပြပါတယ်။ သူ့ရဲ့ နောက်ထပ်ရုံးချိန်းကို နိုဝင်ဘာလမှာ ချိန်းဆိုထားပါတယ်။
အကျဉ်းစံ မူးယစ်ဂိုဏ်းဘုရင်ဟောင်း အယ်လ်ချာပိုရဲ့ သား ၄ ယောက်ထဲက လော့စ်ချာပီတိုစ် လို့ သိကြတဲ့ အသက် ၃၃ နှစ်အရွယ် ဂုဇ်မန်းဟာ သူ့အဖေဖြစ်သူရဲ့ မူးယစ်မှောင်ခိုဂိုဏ်း အင်ပါယာကို အမွေဆက်ခံခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်က လူသတ်မှု၊ မူးယစ်ဆေးဝါး ပြစ်မှုတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။
မူးယစ်ဂိုဏ်းဘုရင် ဟွာကင်းန် အယ်လ်ချာပို ဂုဇ်မန်းဟာ ကော်လိုရာဒိုရှိ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ တသက်တကျွန်းပြစ်ဒဏ် ကျခံနေရပါတယ်။
Source/Photo-Reuters