Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် အာဆီယံနိုင်ငံများ ပူးတွဲ စစ်ရေးလေ့ကျင့်
DVB
·
September 19, 2023
ASEAN joint military drill_Reuters_19092023

တောင်တရုတ်ပင်လယ်ဒေသအတွင်း တရုတ်နဲ့ ရေပိုင်နက်ဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစုအဖွဲ့ရဲ့ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားနိုင်ငံက ဘာတမ်ကျွန်းမှာ စက်တင်ဘာ ၁၉ ရက်က စတင်ခဲ့ပါတယ်။

၅ ရက်ကြာ အာဆီယံ သွေးစည်းညီညွတ်ရေး လေ့ကျင့်ခန်း-၀၁ နာတူနာ (ASEX-01N) စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်အနီး အင်ဒိုနီးရှားနိုင်ငံ နာတူနာကျွန်းစုမှာ ကျင်းပမှာဖြစ်ပြီး အရှေ့တီမော အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးက စစ်သားတွေ ပါဝင်မှာဖြစ်ပါတယ်။

တိုက်ခိုက်ရေးမဟုတ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး ခိုင်မာစေဖို့ ရည်ရွယ်ကြောင်း အင်ဒိုနီးရှား စစ်တပ်အကြီးအကဲ ယူဒိုမာဂိုနိုက ဖွင့်ပွဲအခမ်းအနားမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“သင်တန်းက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းနဲ့ အရပ်ဘက်ထောက်ပံ့ရေး ဝန်ဆောင်မှုတွေအပေါ်မှာ ပိုအာရုံစိုက်တယ်” လို့လည်း သူကဆိုပါတယ်။

ပေကျင်းဟာ တောင်တရုတ်ပင်လယ်အတွင်း သူ့ရဲ့ပိုင်နက်လို့ ယူဆရတဲ့ ဧရိယာချဲ့ထွင်မှုကို မျဉ်းစက် ၁၀ ခုနဲ့ ပုံပြထားတဲ့ မြေပုံသစ်တခုကို သြဂုတ်လမှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေကြချိန်မှာ အာဆီယံ စစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာတာပါ။

အဲဒီမြေပုံကို အာဆီယံအဖွဲ့ဝင် အများအပြားက ပယ်ချခဲ့ပါတယ်။ သီးသန့်စီးပွားရေးဇုန် (ZEE) အတွင်းရှိ စူးစမ်းရှာဖွေရေးလုပ်ငန်းတွေ အားလုံးကို စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပြီးဖြစ်ကာ နိုင်ငံတခုရဲ့ ပိုင်နက်နယ်မြေအတွင်းကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဝင်ရောက်လို့ မရနိုင်ကြောင်း၊ ဒါပေမဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာရေး လှုပ်ရှားမှု‌တွေနဲ့ ပတ်သက်လာရင်တော့ ဒါဟာ ပင်လယ်ကိုဖြတ်ကူးမယ့် သင်္ဘောတိုင်းရဲ့ အခွင့်အရေးပဲလို့ အင်ဒိုနီးရှား စစ်ဦးစီးချုပ် ယူဒို မာဂိုနိုက ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024