မြန်မာ ပြည်တွင်းမှာ စားအုန်းဆီ ရည်ညွှန်းပေါက်စျေးနဲ့ ဝယ်ယူဖို့ အခက်အခဲ ရှိနေတာကြောင့် ပဲရောဆီကိုပဲ အစားထိုး သုံးစွဲနေရတဲ့အတွက် ပဲရောဆီ အရောင်းအဝယ်သွက်လာတယ်လို့ ဆီရောင်းဝယ်တဲ့ လက်လီဆိုင်တွေကနေ သိရပါတယ်။
ပဲရောဆီဟာ ရောတဲ့ဆီ အများအစားတွေအပေါ် မူတည်ပြီး တပိဿာကို ကျပ် ၉,၅၀၀ မှ ကျပ် ၁၃,၀၀၀ အထိ ပေါက်စျေးရှိနေပါတယ်။
ပဲရောဆီရောင်းဝယ်သူတဦးက “ပဲရောဆီဆိုတာ အဓိကအားဖြင့် ပဲဆီ ၁၅ ရာခိုင်နှုန်း၊ တခြား ဟင်းရွက်ဆီ၊ ပုဇွန်ဆီ၊ စားအုန်းဆီတို့လို ဆီ ၈၅ ရာခိုင်နှုန်းနဲ့ ရောထားတာပါ။ ကျနော်တို့က အများအားဖြင့် စားအုန်းဆီနဲ့ အဓိကရောတယ်။ စားအုန်းဆီ အပြင်မှာ လက်ရှိ တပိဿာကို ကျပ် ၇,၀၀၀ ကျော်၊ ၈,၀၀၀ လောက်နဲ့ ဝယ်နေရတာကို ဘယ်လိုရည်ညွှန်းစျေးနဲ့ သွားရောင်းမလဲ။ အဲ့ဒါကြောင့် ပဲရောဆီဆိုပြီး ရောင်းတာ၊ ဝယ်တဲ့သူ တော်တော်များတယ်” လို့ ပြောပါတယ်။
စားအုန်းဆီဟာ စျေးကွက်ထဲမှာ အပြင်ဆိုင်တွေမှာ ရောင်းချမှုမရှိဘဲ တန်းဆီစနစ်နဲ့သာ အဓိက ရောင်းချနေတာ ဖြစ်တာကြောင့် တန်းစီဝယ်ယူဖို့ အခက်အခဲရှိနေတဲ့သူတွေဟာ ပဲရောဆီကိုသာ အဓိကထား အသုံးပြုနေပါတယ်။
စစ်ကောင်စီရဲ့ စားသုံးသူရေးရာ ဦးစီးဌာနက စားအုန်းဆီကို သတ်မှတ်စျေးနဲ့ မရောင်းရင် ဖမ်းဆီးမယ်လို့ ထုတ်ပြန်တာကြောင့် လက်ရှိမှာ လက်လီကုန်ခြောက်ဆိုင်တွေဟာ စားအုန်းဆီ မရောင်းကြတော့ဘဲ ပဲရောဆီကိုသာ အဓိကထား ရောင်းချနေတယ်လို့ ကုန်ခြောက်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
“သူတို့က ဖမ်းနေတော့ စားအုန်းဆီတော့ မရောင်းရဲပါဘူး။ ပဲရောဆီရောင်းရတာ အဆင်ပြေတယ်၊ ဝယ်တဲ့သူလည်း များတယ်။ အမကတော့ ဟင်းသီးဟင်းရွက်ဆီနဲ့ မြေပဲဆီရောတာပဲ ဝယ်တယ်။ စားအုန်းဆီပါရင် ကြောက်လို့ပါ။”
စစ်ကောင်စီအနေနဲ့ ကုန်စျေးနှုန်းကြီးမြင့်နေမှုကို ထိန်းချုပ်မယ်ဆိုပြီး လုပ်ငန်းရှင်တွေနဲ့ အရောင်းဆိုင်တွေကို ဖမ်းဆီးမှုတွေ လုပ်နေပေမဲ့ လက်ရှိအချိန်အထိ အလုပ်မဖြစ်ဘူးလို့ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စားအုန်းဆီသုံးစွဲမှုပမာဏ တန်ချိန် ၁၀ သိန်းကျော်ရှိပြီး တန်ချိန် ၇ သိန်းခန့်ကို အင်ဒိုနီးရှားနဲ့ မလေးရှားကနေ တင်သွင်းနေပါတယ်။