Home
မြန်မာသတင်း
မင်းကင်းတွင် ဖလပ်မော်တော် ၁ စီး ကျောက်ဆောင်နှင့် တိုက်မိ နစ်မြုပ်
DVB
·
September 19, 2023
Min Kin
SAC Fire

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ  စက်တင်ဘာ ၁၉ ရက် ဒီမနက်  ၁၁ နာရီက ဖလပ်မော်တော်တစီး ရှဲနတ်တောင်လို့ခေါ်တဲ့ ကျောက်ဆောင်ကို ဝင်တိုက်မိပြီး ရေနစ်မြုပ်သွားလို့ လိုက်ပါလာတဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ  သေဆုံးနိုင်တယ်လို့ မင်းကင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ ဖလပ်မော်တော် ၁၃ စီးဟာ ဒီမနက်ပိုင်းက တောင်ဖြူ၊ ပန်းဆက်ရွာကနေ ထွက်ခွာလာကာ ယားရွာအနီးက တောတဲတွေကို မီးရှို့ပြီး အောက်ဘက်ကို စုန်ဆင်းလာရင်း အခုလို နစ်မြုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “ကျမတို့ မင်းကင်းမြို့နယ်က အဲဒီဖလပ်ပေါ် တက်လိုက်ကြတဲ့သူ‌တွေက ပျူရွာကနေ မုံရွာကို တက္ကသိုလ်သွားတက်မယ့် ကျောင်းသားတွေပါမယ်၊ Non-CDM ဝန်ထမ်းတွေ ပါမယ်၊ မုံရွာကို ဆေးကုသွားမယ့်ပျူတွေ တက်ကြတယ်။ နောက်ပြီး အထက်ပိုင်းရွာ‌တွေကနေ တက်လိုက်လာတဲ့ ကျောင်းသားတွေ၊ Non-CDM ဝန်ထမ်းတွေ၊ ပျူတွေ အများကြီးပါတယ်။ အစီးရေကလည်း ၁၃ စီးဆိုတော့ မျှလိုက်ကြတာနေမယ်။ အဲလိုလိုက်လာပြီး မောက္ကတော်ရွာ အောက်ဘက်မှာရှိတဲ့ ရှဲရွာကပျူတွေ ဝင်ခေါ်ပြီး ပြန်အထွက်ကို ပဲ့မနိုင်ဘဲ ချင်းတွင်းမြစ်အတွင်း ထိုးထွက်နေတဲ့ ရှဲနတ်တောင်အငူကို ဝင်တိုက်ပြီး မှောက်သွားတယ်။ လက်ရှိကတော့ ပြည်သူ ၉၆ ဦး စာရင်းပျောက်နေတယ်။ ၆ ဦးကတော့ ရေကူးနိုင်လို့ အသက်မသေဘဲ ပြန်တွေ့ထားတယ်” လို့ ပြောပါတယ်။

ရေနစ်မှုကြောင့် သေဆုံး ပျောက်ဆုံးသူ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘဲ စစ်ကောင်စီတပ်ကတော့ ဖလပ်မော်တော်မှောက်ရာနေရာကို ဖလပ်မော်တော် ၁၂ စီး ဆိုက်ကပ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် တောင်ခြမ်း ချင်းတွင်းမြစ်ကမ်းဘေး တောင်ဖြူရွာ၊ ပန်းဆက်ရွာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ၁၃ စီးကို ဒေသခံ ကာကွယ်ရေးတပ်က စက်တင်ဘာ ၁၈ ရက် မနေ့ ညနေ ၅ နာရီမှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်သား ၂ ဦး သေဆုံးတယ်လို့ တောင်ဖြူရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်သင်္ဘော ၁၃ စီးဟာ ချင်းတွင်းမြစ်အထက်ပိုင်းကနေ စုန်ဆင်းလာခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

တောင်ဖြူရွာသားတဦးက “သူတို့ ချင်းတွင်းမြစ်အထက်ပိုင်းကို ရိက္ခာနဲ့ စစ်လက်နက်တွေပို့ပြီး ပြန်လာတဲ့ စစ်သင်္ဘောတွေပါဗျ။ အထက်ကနေစုန်လာပြီး မင်းကင်းမြို့ တောင်ယာတောမှာ ဆိုက်ကပ်တယ်။ အဲဒီတောင်ယာတောကနေ စက်တင်ဘာ ၁၉ ရက် မနက်ခင်းက အောက်ကိုစုန်ဆင်းပြီး တောင်ဖြူ၊ ပန်းဆက်ရွာ ဆိပ်ကမ်းကိုကပ်ပြီး ထပ်နားတယ်ပေါ့ဗျာ။ အဲလိုနားနေတာကို ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ယားရွာကနေ မနေ့က ညနေ ၅ နာရီက လက်နက်ကြီးနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပစ်ခတ်လို့ စစ်သား ၂ ဦး သေဆုံးတယ်ဗျ။ စစ်တပ်ကလည်း သူတို့ကို ပစ်ခတ်လို့ဆိုပြီး ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ခင်း ၉ နာရီက ယားရွာဘက်ကမ်းကို စစ်ကောင်စီတပ်တွေ ကူးသွားပြီး ယားရွာအနီးက တောတဲတွေကို လက်ရှိ မီးရှို့နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်သား ၂ ဦးသေဆုံးလို့ စစ်တပ်က ချင်းတွင်းမြစ်အတွင်း တံငါသည် ရေလုပ်သားတဦးကို ပစ်သတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ချင်းတွင်းမြစ်အတွင်းကနေ စစ်ကောင်စီသင်္ဘော စုန်ဆင်းလာတယ်ဆိုတဲ့ သတင်းကြောင့် ကနီမြို့နယ်အတွင်းက ချင်းတွင်းမြစ်ကမ်းဘေးနေတဲ့ ကျေးရွာက ဒေသခံတွေ ကျေးရွာအတွင်းမှာ မနေရဲဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024