စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာမှာ ပြည်သူ ၈ ဦးကို စစ်ကောင်စီ တပ်က အကြမ်းဖက်သတ်ဖြတ်ပြီး နေအိမ် ၃၇ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက် မနက်မှာ ဧရာဝတီမြစ်ဘေးရှိ တုတ်ကြီးကျေးရွာကို မန္တလေးကနေ တက်လာတဲ့ စစ်သင်္ဘောအုပ်စု ရောက်ရှိလာကာ သင်္ဘောကျောက်ချပြီး တုတ်ကြီးကျေးရွာကို စက်လှေနဲ့ သွားရောက်ပြီး ရွာသားတွေကို သတ်ဖြတ် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ကျေးရွာက ပြည်သူတွေ သတ်ဖြတ်ခံရမှုမှာ အလောင်း ၄ လောင်း ကနဦး တွေ့ရှိခဲ့ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အချိန် သတ်ဖြတ်ခံထားရတဲ့ ရွာသားတွေရဲ့ အလောင်းကိုပါ မီးရှို့ထားတာ ထပ်မံတွေ့ရှိခဲ့တယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။
“အစက သတ်ဖြတ်ခံရတဲ့ ပြည်သူ အလောင်းတွေ့ရတာကတော့ လေးလောင်း ဟုတ်တယ်။ နောက် မီးရှို့ခံရတဲ့ နေအိမ်တွေကို ရှင်းတော့ လေးလောင်းလောက်ကို နေအိမ်တွေထဲ ထည့်ပြီး မီးရှို့ထားတွေ ထပ့်ရတယ်။ အခုသိရသလောက်ဆိုရင် သတ်ဖြတ်ခံရတာ ရှစ်ယောက်လောက်ရှိပြီး ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိထားသေးတယ်။ ငါးယောက်လောက်လည်း ဖမ်းခေါ်သွားတာ ခံရတာ၊ သေချာတော့ ပြန်စုံစမ်းနေတယ်။”
တုတ်ကြီးရွာကို မီးရှို့ခဲ့ပြီးနောက် စစ်သင်္ဘော ပြန်လည်ဆန်တက်လာရင်း သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ရေနီးဘုန်းကြီးကျောင်းကို ထိမှန်ပြီး မီးလောင်ပျက်စီးသွားတယ်လို့လည်း ပ.က.ဖတာဝန်ခံတွေကနေ သိရပါတယ်။
ကသာကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောကို ကသာမြို့နယ် မင်းလည်ရွာနားမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစ်စီးထိမှန်ခဲ့ပါတယ်။
တုတ်ကြီးကျေးရွာဟာ အိမ်ထောင်စု ၂၀၀ ဝန်းကျင်ရှိတဲ့ကျေးရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရလို့ ရွာသားတွေ ဘေးလွတ်ရာ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကသာမြို့နယ်မှာ တုတ်ကြီးကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။