Home
မြန်မာသတင်း
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဂန့်ဂေါဒေသခံများ ထွက်ပြေးနေရ
DVB
·
September 18, 2023
Gant Gaw air strike SAC
Gant Gaw

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကန်သာရွာကို စက်တင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဂန့်ဂေါဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် အစောပိုင်းမှာ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ က ထွက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဂန့်ဂေါဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေစဉ် စစ်ကောင်စီက လေကြောင်းကနေ နာရီဝက်ကြာ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး စစ်ဆင်မှုနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ကန်သာရွာက ဒေသခံ ၂,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဂန့်ဂေါဒေသခံတဦးက “မနက် ၈ နာရီလောက်မှာ လေကြောင်းကနေ လာပစ်ကူတာဗျ။ ကန်သာရွာခံတွေကတော့ ပြေးနေကြရတယ်။ အခု စစ်တပ် ကန်သာရွာထဲကို ရောက်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တဦးက “စက်တင်ဘာ ၁၂ ရက်ကစပြီး သူတို့ဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးခဲ့တာဗျ။ ဒီနေ့မနက်ပိုင်းမှာ ကန်သာရွာဘက်ကို ရောက်တာ။ လက်ရှိတော့ ကျနော်တို့ဘက်က တပ်ဆုတ်ထားတယ်။ တိုက်ပွဲတွင်းမှာတော့ ကျနော်တို့ ပူးပေါင်းတပ်ဘက်က ထိခိုက်တဲ့သူ မရှိသေးပါဘူး။ စစ်တပ်ဘက်တော့ မသိဘူး” လို့ ပြောပါတယ်။

လက်ရှိ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး အဆိုပါ စစ်ကြောင်းထိုးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

ဂန့်ဂေါ PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ဒေသခံတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ရိုက်ထိတွေ့မှုမပြုဘဲ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်ကြဖို့ မှာကြားထားပါတယ်။

စက်တင်ဘာ ၁၆ ရက်ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြင်သားရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးရှောင်လင်မယား ၂ ယောက် သေဆုံးပြီး ၂ နှစ်အရွယ် ကလေးအပါအဝင် ဒေသခံ ၇ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024