စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ KTV ဆိုင်မှာ သောက်စားပျော်ပါးနေတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၁၇ ရက်မှာ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ၁ ယောက်နဲ့ စစ်သား ၇ ယောက် သေဆုံးသွားတယ်လို့ Kawlin Info အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက "နေ့လယ် ၃ နာရီမတ်တင်းအချိန်မှာ ကောလင်းမြို့ အရှေ့ဘက် ငပွေးလေးရပ်ကွက်မှာရှိတဲ့ KTV မှာ စကစတွေ လာရောက်ပျော်ပါးနေတယ်လို့ သတင်းရပြီး တိုက်ခိုက်တာ" လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ကောလင်းခရိုင် တပ်ရင်း-၁ ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူ ၁ ယောက်နဲ့ တပ်သား ၇ ယောက် သေဆုံး၊ အများအပြားဒဏ်ရာရရှိကြကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်။
တိုက်ပွဲကို ၂ နာရီနီးပါး မီတာ ၃၀ ခန့်အကွာကနေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကောလင်း PDF က ဆိုပါတယ်။
ည ၉ နာရီလောက်မှာလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ အချက် ၄၀ လောက် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ Kawlin Info တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ သေဆုံးဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီပြန်ကြားရေး ကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။