ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ အခုသီတင်းပတ်တွေအတွင်း မိုးသည်းထန်စွာရွာသွန်းတာကြောင့် လယ်ကွင်းတွေ ရေနစ်မြုပ်ပြီး စပါးပင်တွေ ပျက်စီးသွားတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။
သြဂုတ်ကုန်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေပြီး မြို့တမြို့လုံးက စပါးခင်းတွေ ရေမြုပ် နေသလို ရေဘေးရှောင်နေသူတွေလည်း ရှိနေပါတယ်။
ဟင်္သာတမှာ စပါးခင်း ဧက ၈၀၀ ကျော်လောက် ပျက်စီးမှုရှိနေသလို အိမ် ၂၅၀ မှ ရေဘေးရှောင် ပြည်သူ ၁၁၀၀ ကျော်လောက်ရှိနေတယ်လို့ ဒေသခံပရဟိတသမားတဦးက ပြောပါတယ်။
"မြစ်ရေတက်တာကော မိုးအဆက်မပြတ်ရွာတာကြောင့် တမြို့လုံးနီးပါးမှာ ရှိတဲ့ လယ်တွေ ရေမြုပ်ကြတယ်။ ပျက်စီးမှုကတော့ လက်ရှိ ဧက ၈၀၀ ကျော်ပဲ ရှိသေးတာ။ မိုးက ဆက်တိုက်ရွာနေတော့ ပျက်စီးမှုက ပိုများလာနိုင်တယ်။ တာတမံကျိုးတာနဲ့ကမ်းပါးပြိုတဲ့ ရေဘေးရှောင်နေရတဲ့သူတွေက ၁၁၀၀ ကျော်က ရေဘေးရှောင်တာ ၁လ ကျော်ပြီးဆိုပေမယ့် နေရပ်မပြန်နိုင်သေးပါဘူး"
မိုးကြီးပြီး ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးခဲ့တဲ့ မိုးစပါး ၁၀ ဧက လုံးပျက်စီးသွားတဲ့ တောင်သူ တဦး "မိုးဆက်တိုက်ရွာတာ ရက် ၂၀ လောက်ရှိပြီ။ စပါး ၁၀ ဧကစိုက်တာ အကုန် ရေမြုပ်သွားတယ်။ ပြန်ကောင်းဖို့ မရှိတော့ဘူး။ အကိုနားမှာတင် ဧက ၅၀ လောက် ပျက်စီးသွားတယ်။ ကျန်တဲ့ နေရာတွေတော့ သိပ်မသိဘူး။ အဓိကကတော့ မိုးအရမ်းရွာပြီး ရေထွက်ပေါက်နည်းနေလို့ပါ။ စပါးစိုက်ဖို့ ရင်းထားတဲ့ငွေက မနည်းဘူး။ အခုက စပါးစျေးက အရမ်းကောင်းနေလို့ ပိုပြီး ခံစားရတယ်"လို့ပြောပါတယ်။
ဟင်္သာတမြို့မှာရှိတဲ့ အင်းမတာရေပြွန်ပေါက်က ရေထွက်နည်းတာကြောင့် စပါးခင်းတွေ ပိုပျက်စီးခဲ့တယ်လို့ လယ်သမားက ဆက်ပြောပါတယ်။
ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုက ဖောင်ဆိပ်၊ ငှက်ပျောတော၊ တာငုတ်နဲ့ ဘအုန်းတော ကျေးရွာတို့ရှိ အိမ်ခြေ ၃၀၀ ကျော်က ရေဘေးရှောင် ၁,၁၀၀ ကျော်ဟာ တာပေါ်မှာ ကိုယ်ထူကိုယ်စနစ်နဲ့ နေထိုင်နေရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေ တက်တာကြောင့် လယ်မြေတွေ ရေမြုပ်ပြီး စပါးခင်း ဧက ထောင်နဲ့ချီပြီး ပျက်စီးခဲ့ပါတယ်။