Home
နိုင်ငံတကာ
အမေဇုန်တောအတွင်း လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံး
DVB
·
September 18, 2023
379120983_1460453054524892_613589028974692692_n

ဘရာဇီးနိုင်ငံမြောက်ပိုင်း အမေဇုန်မိုးသစ်တောမှာ ခရီးသည်တင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့  ဘရာဇီး တာဝန်ရှိသူတွေ က ပြောပါတယ်။

အမေဇိုးနက်စ်ပြည်နယ်မြို့တော် မာနာ့စ်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၅၀ (ကီလိုမီတာ ၄၀၀) အကွာမှာ စက်တင်ဘာ ၁၆ ရက်က လေယာဉ်ပျက်ကျ ခဲ့တာပါ။

အပေါ့စားခရီးသည်တင်လေယာဉ်ဟာ မာနာ့စ်မြို့ ကနေ စက်တင်ဘာ ၁၆ ရက်အစောပိုင်းက ထွက်ခွာခဲ့ပြီးနောက် ရီရိုနီဂရိုကမ်းနားရှိ ဘာစီလို့စ်အနီးမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ပျက်ကျခဲ့တာလို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လေယာဉ်‌ပေါ်ပါ ခရီးသည်တွေဟာ ငါးဖမ်းဖို့သွားတဲ့ ဘရာဇီးလ် ခရီးသွားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျခဲ့တာကြောင့် ခရီးသည် ၁၂ ဦးနဲ့ လေယာဉ်အမှုထမ်းနှစ်ဦး သေဆုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝဲလ်ဆင်လီမာက သူ့ရဲ့ ထွစ်တာလူမှုကွန်ရက်မှာ ရေးသားဖော်ပြ ပါတယ်။

“ကျနော်တို့ အဖွဲ့တွေဟာ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးဖို့ အစကတည်းက လုပ်ဆောင်နေပါတယ်။ ကရုဏာနဲ့ ဆုတောင်းချက်တွေဟာ သူတို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်း တွေထံ ရောက်သွားပါစေ။" 

အဆိုပါဒေသဟာ ပုံမှန်အားဖြင့် မိုးသည်းထန်စွာရွာသွန်းလေ့ရှိပြီး ယာဉ်မတော်တဆမှု ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းကတော့ ဆင်းသက်ချိန်မှာ လမ်းကြောင်းလွဲချော်မှု ဖြစ်နိုင်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Globo ရုပ်မြင်သံကြားကွန်ရက်က လွှင့်တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ လေယာဉ်ဟာ ရွှံ့အညစ်အကြေးတွေပေါ် ရောက်ရှိနေပြီး လေယာဉ်ရဲ့ ရှေ့ပိုင်းကို ချုံပုတ်တွေနဲ့ ဖုံးအုပ်ထားပါတယ်။

လေယာဉ်ငယ် ပျက်ကျရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်ဖို့အတွက် မတော်တဆမှု စုံစမ်းစစ်ဆေးရေးနဲ့ ကာကွယ်ရေးဌာန (CENIPA) က စုံစမ်းစစ်ဆေးရေးမှူးတွေကို ဘရာဇီးလေတပ် (FAB) က ခေါ်ယူထားကြောင်း သိရပါတယ်။

စုံစမ်းရေးမှူးတွေဟာ အချက်အလက်စုဆောင်းဖို့နဲ့ ဖြစ်ပျက်ခဲ့တာ‌တွေကို သိရှိဖို့ အသုံးပြုနိုင်တဲ့ အထောက်အထားတွေကို ထိန်းသိမ်းဖို့ မာနာ့စ်မြို့က အဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Source -Sky News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024