စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ တုတ်ကြီးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ဝင်ရောက်မီးရှို့ပြီး ရွာသား ၆ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့ကနေ ဗန်းမော်ကို သင်္ဘောနဲ့ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တို့ စက်တင်ဘာ ၁၇ ရက် မနက် ၆ နာရီလောက် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အဆိုပါ တုတ်ကြီးရွာကို ဝင်ရောက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာလို့ ရွာသားတဦးက ပြောပါတယ်။
“အဲလိုတိုက်ပွဲဖြစ်ပြီး သူတို့သင်္ဘော ထိမှန်ပျက်စီးပြီး သောင်တင်တာတွေဖြစ်သွားတယ်။ အဲဒီလိုဖြစ်ပြီး အထက်ကို ဆန်တက်လာပြီး ကျနော်တို့ တုတ်ကြီးရွာကို တက်လာပြီး ရွာသားတွေကို သတ်တယ်။ ရွာကိုလည်း မီးရှို့ခဲ့တယ်။ သတ်ထားတဲ့ ရွာသားအလောင်း တွေကိုလည်း မီးရှို့ထားခဲ့တဲ့ အိမ်တွေထဲ ထည့်ပြီးမီးရှို့ထားခဲ့ကြတယ်။ အိမ်ကတော့ ၃၇ လုံးအထက် မီးလောင်ဆုံးရှုံးခဲ့တယ်။ပျောက်ဆုံးနေတဲ့ ရွာသားတွေလည်း ရှိနေသေးတယ်။”
ဒါ့အပြင် ရွာသားတွေဖြစ်တဲ့ ကိုအောင်လင်း၊ ကိုခင်မောင်ဌေး၊ ငဘို၊ အောင်ခန့်နဲ့ ဖိုချဲတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ သင်္ဘောပေါ်ခေါ်သွားပြီး ဗန်မော်မြို့ကို ဆန်တက်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မန္တလေးကနေ စစ်အသုံးပစ္စည်းနဲ့ စာနပ်ရိက္ခာတွေကို ဧရာဝတီမြစ်ရေ ကြီးချိန် ရေကြောင်းအသုံးပြုကာ ဧရာဝတီအထက်ပိုင်းကို ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတိုင်း မြစ်ကမ်းဘေးနေတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်လေ့ရှိတာကြောင့် စစ်ကောင်စီ စစ်သင်္ဘော ဆန်လာတိုင်း ပြည်သူတွေ ကျေးရွာအတွင်း မနေရဲဘဲ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။