စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ မနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အနည်းဆုံး ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။
ပုလဲမြို့နယ်၊ အင်မထီးရွာကနေ မင်းတိုင်ပင်ကျေးရွာဆီ ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အင်းကန်ရွာသားတယောက်က “ခွေးတွေ အခြေအနေစောင့်ကြည့်နေရတာပဲဗျာ။ သူတို့ အင်မထီးကနေ ထွက်လာပြီဆိုကတည်းက ရွာအပြင် ထွက်ပြေးရတော့တာပဲဗျာ။ လမ်းကလည်း မိုးရွာထားတော့ ရွှံ့တောဖြစ်နေတယ်။ အဲရွှံ့တောထဲ ထွက်ပြေးရတာပဲ။ ကျနော်တို့ ရွာထဲကနေ ထွက်ပြေးပြီး မကြာဘူး၊ မနက်ခင်း ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲစဖြစ်တော့တာပဲ။ တိုက်ပွဲက အင်မထီးရွာနဲ့ စပါးစေ့ရွာကြားမှာလည်း ဖြစ်တယ်။ စပါးစေ့ရွာနဲ့ အင်းကန်ရွာကြားမှာလည်း ဖြစ်ကြတယ်ဗျ။ ဘယ်အဖွဲ့တွေနဲ့ ဖြစ်တာလဲဆိုတော့ ကျနော်သိရသလောက်ကတော့ ကိုနဂါးအဖွဲ့ကလူတွေနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ကြတာဗျ။ နှစ်ဖက် အသေအပျောက်ကတော့ ညီတို့က အတိကျမသိလို့ ပြောပြလိုမရနိုင်ဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအခြေအနေအသေးစိတ်ကိုသိရှိဖို့ BNRA အဖွဲ့တာဝန်ရှိသူ ကိုနဂါးနဲ့ ချိတ်ဆက်နိုင်ဖို့ ဒီဗွီဘီအနေနဲ့ ကြိုးစားပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် လက်ရှိအချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။
ဒါ့အပြင် အဲဒီစစ်ကြောင်းနဲ့ပဲ နေ့လယ် ၁၂ နာရီကျော်က နှောကန်ရွာနဲ့ မင်းတိုင်ပင်ရွာကြားမှာ ပုလဲပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နောက်တကြိမ် တိုက်ပွဲ ဖြစ်ခဲ့သေးတယ်လို့ ပုလဲဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ပုလဲသခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲက အတော်လေးပြင်းထန်တယ်။ အသည်းအသန်ကို ကြိတ်ရတဲ့ပွဲပါဗျ။ ကျနော်တို့ရှေ့ကင်းနဲ့ သူတို့ရှေ့ကင်း ထိပ်တိုက်တွေ့ကြတာ။ ကိုယ့်ဘက်ကလူတွေ ထင်နေတာ။ နောက်တော့ သူတို့ဘက်က စပစ်တော့ ခွေးတွေမှန်းသိလိုက်တယ်။ ကိုယ့်ဘက်က နယ်မြေကျွမ်းကျင်တာကို အသုံးချနိုင်လို့ အထိခိုက်မရှိဘူး။ ခွေးတွေဘက်ကတော့ ၄ ယောက်ကျတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်တွေဟာ ညနေပိုင်းမှာ မင်းတိုင်ပင်ကျေးရွာအရှေ့ပိုင်းမှာ တပ်စွဲနေထိုင်ညအိပ်ပြီး ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူရွာဘက်ကို စစ်ကြောင်းထိုး သွားနိုင်တယ်လို့လည်း ပြောပါတယ်။