Home
မြန်မာသတင်း
မောင်တောတွင် သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ ကွမ်းသီးကားများကို စစ်ကောင်စီဖမ်းဆီး
DVB
·
September 17, 2023
378336128_1036728580682868_2158694416258558506_n

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဂုတ်ပ္ပီတောင်ကျော်လမ်းမှာ သိန်းပေါင်း ၂၃၀၀ ကျော်တန်ဖိုးရှိတဲ့ ကွမ်းသီးကား ၁၃ စီးကို စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

နေ့မနက်အာရုံ ၅ နာရီ၌ စစ်ကောင်စီတပ်မှဖမ်းဆီးကာမောင်တောမြို့နယ်အကောက်အခွန်ဦးစီးဌာနအားလွဲပြောင်းလိုက်ကြောင်းကွမ်းသီးကုန်သည်များထံမှသိရှိရပါတယ်။

ကွမ်းသီးတင်လာတဲ့ ကားသမားတယောက်က “ကျနော်တို့က ဂြိုက်ချောင်း နယ်ခြားစောင့်စခန်းကို ငွေပေးပြီးသား။ သူတို့က မနက်အာရုံ ၅ နာရီလောက်မှ သွားကြပါဆိုလို့ ကားတွေအားလုံး တန်းစီစောင့်နေကြတာ။ မနက်မိုးလင်းမှ အထက်အမိန့်အရ မောင်တောကိုသွားပါဆိုပြီး ကားတွေမှာပါလာတဲ့ လူတွေရဲ့ ဖုန်းတွေအားလုံးကို သိမ်းလိုက်တာ။ ကားတွေကို မောင်တောမြို့နယ် အကောက်အခွန်က ကွမ်းသီးတွေကို ကန့်သတ်ကုန်အနေနဲ့ သိမ်းတယ်ဆိုပြီး ကွမ်းသီးအိတ်တွေကို သူတို့ဂုံတင်(ဂိုဒေါင်)ထဲမှာ ချခိုင်းထားလိုက်ကြတယ်” လို့ ပြောပါတယ်။

မောင်တောဒေသကို ကွမ်းသီးတွေ သယ်ယူရာမှာ အရင်ကတော့ ရေချမ်းပြင်၊ အငူမော်၊ အင်းဒင်၊ မောရဝတီ၊ ၃ မိုင် စုပေါင်းအဖွဲ့၊ မြို့ဝင်ဂိတ်၊ သီဟိုဠ်ခြံဂိတ်၊ ဌာနချုပ်ဂိတ်၊ ၂၄ စစ်ဆေးရေးဂိတ်တို့မှာ ငွေပေးသွားလာလို့ရခဲ့ပေမဲ့ ရခိုင်ပြည်နယ်တိုင်းမှူး အမိန့်နဲ့ ကွမ်းသီးကို ကန့်သတ်ကုန်အဖြစ်သတ်မှတ်ပြီး မောင်တောမြောက်ပိုင်းကို သယ်ယူခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

အဲဒါကြောင့် အဲဒီလမ်းကြောင်းကနေ သယ်ယူလို့မရတော့ဘဲ စစ်တွေကနေ ဘူးသီးတောင်မြို့နယ်၊ ငမြင်းဘော်အထိ ရေကြောင်းနဲ့ သယ်ယူပြီး မောင်တောမြို့နယ်၊ ကြိမ်းချောင်း ဂုတ်ပ္ပီလမ်းအတိုင်း ကားနဲ့ သယ်ယူနေကြရတာဖြစ်ပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ မောင်တောဒေသခံတယောက်က “ဒီကွမ်းသီးတွေက ပြည်ပက တင်သွင်းလာတဲ့ ကုန်တွေ မဟုတ်ဘူးလေ။ မြန်မာ့ဒေသထွက်ကုန်တွေ ဖြစ်တယ်။ အဲဒီလိုကုန်စည်တွေကို မြန်မာအပိုင်ဖြစ်တဲ့ မောင်တောကိုမသယ်ရဘူးလို ပိတ်ပင်တားမြစ်လာနေတာက ဥပဒေမဲ့ဖြစ်နေတယ်။ ဘင်္ဂလာဘက်ကို ပို့တဲ့အချိန် ဖမ်းပေါ့။ အခုက ဒေသတွင်းသယ်ယူနေတာလေ။ သူတို့ နယ်ခြားစောင့်တွေကိုလည်း ပေးကမ်းပြီးသွားကြရတာလေ” လို့ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကွမ်းသီးကားတစီးမှာ ပိဿာ ၃၀၀၀ လောက်ပါပြီး ကာလပေါက်စျေး တပိဿာ ၆၀၀၀ ကျပ်နဲ့ဆိုရင် စုစုပေါင်း သိန်း ၂၃၀၀ ကျော်တယ်လို့ ကွမ်းသီးကုန်သည်တွေက ပြောပါတယ်။

အဲဒီကွမ်းသီးတွေကို လက်ရှိမှာ မောင်တောမြို့နယ် အကောက်အခွန်ဦးစီးဌာန၊ သိုလှောင်ရုံမှာထားပြီး ကုန်ကား ၁၃ စီးကို တရားရုံးတင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

မောင်တောမြောက်ပိုင်းကို ကွမ်းသီးတွေ သယ်ရာမှာ နယ်ခြားစောင့် စစ်ဆေးရေးဂိတ်တွေကို ကျပ်သိန်း ဆယ်ဂဏန်းအထိ ပေးနေကြရသလို ရက္ခိုင့်တပ်တော်ကလည်း မောင်တောမြောက်ပိုင်း ကြိမ်ချောင်း၊ နခခ ၇ ကြိမ်ချောင်း အလွန်ကစလို့ စန်းတွေဖွင့်ထားပြီး ကုန်စည်တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်း အခွန်ကောက်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ မောင်တောဒေသဆီ ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ကန့်သတ်နေတာဟာ ဒေသခံတွေကို အဲဒီဒေသမှာ မနေထိုင်နိုင်အောင် ဖိနှိပ်ချုပ်ချယ်လာတာဖြစ်တယ်လို့ ရခိုင် ဝါရင့်နိုင်ငံရေးသမားတွေက သုံးသပ်ထားပါတယ်။

မောင်တောဒေသ ရခိုင်နိုင်ငံရေး လေ့လာသူတယောက်က “ရှင်းရှင်းပြောရရင် အာဏာရှင်စနစ်က ဒီလိုပါပဲ။ ပြည်သူကို အကျိုးမပြုဘူး။ ပြည်သူတွေ ဆင်းရဲမွဲ‌ေတပြီးမှ နိုင်ငံရေးကို စိတ်ဝင်စားမှုမရှိလာအောင် ဖန်တီးနေတာက တချက်ပေါ့။ အဲဒီလို ကုန်စည်တွေကို ဘူးသီးတောင်၊ မောင်တောကို မသွားရဘူးလို့ နည်းမျိုးစုံနဲ့ ပိတ်ပင် တားမြစ်လာနေတာက ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ လူနေမှုအဆင့်အတန်းကို ဖိနှိပ်ချုပ်ချယ်ရာ ရောက်တယ်။ အနောက်တံခါးကို မားမားမတ်မတ် ကာကွယ်ပေးနေတဲ့ မောင်တော၊ ဘူးသီးတောင်က ဒေသခံရခိုင်တွေကို လုပ်ကိုင်စားသောက်လို့ မရအောင်၊ လူနေထိုင်လို့မရအောင်အထိ ဖန်တီးလာနေတာလို့ မြင်မိတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၄ ရက်က စတင်ပြီး ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီ စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေအပြင် ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို စစ်တွေကုန်သွယ်ရေးစခန်းကနေပဲ ဘင်္ဂလားဘက်ကို တင်ပို့ခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်လိုက်တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024