သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ပေးအပ်ရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ဒေသစံတော်ချိန် စက်တင်ဘာ ၁၆ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒဖော်ထုတ်ပွဲကို အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေလာရောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး ကုလအနေနဲ့ ပြည်သူ့ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်အသိအမှတ်ပြု တာဝန်ပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကိုယ်တိုင်လာရောက်ခဲ့ပြီး မြန်မာ့အရေးကို နိုင်ငံတကာက အလေးပေးဆောင်ရွက်လာအောင် ဆက်လက်ကြိုးစားသွားမယ်လို့ ကတိစကား ပြောကြားခဲ့ပါတယ်။