အသင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ အတူတကွ ကျော်ဖြတ်ဖို့လိုအပ်ကြောင်း မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ ပြီးနောက် အသင်းရဲ့ခြေစွမ်းအပေါ် နည်းပြတန်ဟတ်ဂ်က အားမလိုအားမရ ဖြစ်ခဲ့ပြီး ရလဒ်ဆိုးတွေကို အတူတကွ ကျော်ဖြတ် သွားကြဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်က “လက်ရှိ ရလဒ်ပိုင်းတွေက စိတ်ညစ်စရာတွေဖြစ်ပေမဲ့ ကစားပုံကို ကြည့်မယ် ဆိုရင်တော့ စရိုက်လက္ခဏာတစ်ခု ပြသနိုင်ခဲ့တယ်။ အသင်းက ဘယ်လောက်သ သန်မာကြောင်းနဲ့ အတူတကွ ဘယ်လို ကျော်ဖြတ်ပြနိုင်သလဲဆိုတာ တွေ့မြင်ရတော့မှာပါ။ ဒီနေ့ပွဲတင်မကဘဲ၊ အာဆင်နယ်နဲ့ပွဲ၊ နော်တင်ဟမ်နဲ့ပွဲတွေမှာပါ ကျနော်တို့ အကောင်းဆုံး ကစားနိုင်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်တယ်ဆိုတာ မြင်တွေ့ခဲ့ရပြီးဖြစ်တယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး တိုက်စစ်မှူးဟွိုက်လန်းကို လူစားလဲခဲ့တာက တပွဲလုံး အပြည့်ကစားဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်က ရှင်းပြသွားပါတယ်။
Photo-Reuters