မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၁၆ ရက်က ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရွှိုင်ဂူနဲ့အတူ ရုရှားရဲ့ နျူကလီးယားစွမ်းရည်ရှိ မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ် တွေနဲ့ အသံထက်မြန်တဲ့ ကင်းန်ရွှားလ် ဒုံးကျည်တွေကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
ပစိဖိတ်မြို့ ဗလာဒီဗိုစတော့ကနေ ကီလိုမီတာ ၅၀ လောက် အကွာရှိ နီဗိချီ မှာ ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူ က ပြုံးပြုံးရွှင်ရွှင်နဲ့ ကင်မ်ကို အလေးပြု ကြိုဆိုကာ နှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် ရွှိုင်ဂူဟာ ရုရှားရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဖြစ်တဲ့ Tu-160၊ Tu-95 နဲ့ Tu-22M3 တို့ကို ပြသခဲ့ပါတယ်။
အဲဒီဗုံးကြဲလေယာဉ်တွေဟာ နျူကလီယာလက်နက်တွေကို သယ်ဆောင်နိုင်စွမ်းရှိပြီး ရုရှားရဲ့ နျူကလီးယား လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ ကျောရိုးအဖြစ် ဖွဲ့စည်းထားပါတယ်။
ရွှိုင်ဂူဟာ ကင်မ် ကို လေယာဉ်တစင်းကို ပြပြီး ဒီလေယာဉ်ဟာ မော်စကိုကနေ ဂျပန်ကို အသွား အပြန် ပျံသန်းနိုင်ပြီး ကီလိုမီတာ ၆ ထောင် အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည် ၁၂ စင်းစီ သယ်ဆောင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
လေယာဉ်ကနေ ဒုံးကျည်တွေကို ဘယ်လို ပစ်ခတ်တယ် ဆိုတာကိုလည်း ကင်မ်ကို ပြသခဲ့ပါတယ်။
ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဟာ ရုရှားနိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့တွေရဲ့ အဓိကအစိတ် အပိုင်းတွေထဲမှ တခုဖြစ်ကြောင်း ရုရှားအရာရှိ တဦးက ပြောပါတယ်။
Source/Photo-Reuters