ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တို့က ရန်ကုန်မြစ်အတွင်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ချောင်းရေထဲမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၃ ခု တွေ့ရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်၊ ညနေ ၃ နာရီခွဲခန့်က ဗိုလ်တထောင်မြို့နယ်၊ နန်းသီတာ ရန်ကုန်-ဒလ ကူးတို့ ဆိပ်ခံဘောတံတားအနီးမှာ ရေနစ်သေဆုံးနေတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး လင်းလက် ကယ်ဆယ်ရေးအသင်းက ဆယ်ယူကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို PR-017 နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်၊ ညနေ ၅ နာရီခွဲလောက်က ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာ ငှက်ပျောဈေးအနီး ရန်ကုန်မြစ်ထဲမှာ ရေနစ်သေဆုံးနေတဲ့ အသက် ၃၀ ကျော်အရွယ် ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်းကို တွေ့ရှိခဲ့တာကြောင့် လင်းလက်အသင်းကပဲ PR-024 အမှတ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
လင်းလက်ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက “ငှက်ပျောဈေးအနားမှာ တွေ့တာက အမျိုးသားအလောင်းပါ။ လက်မှာက မီးအိမ်ပုံစံ တက်တူးထိုးတာ ပါတယ်။ ပိုင်ရှင်လည်း မရှိသေးပါဘူး။ စက်တင်ဘာ ၁၅ မှာ နောက်တလောင်း ထပ်တွေ့ပါတယ်။ ပန်းဆိုးတန်းဆိပ်အနီးမှာ ရေထဲမျောနေတာ။ ကတုံးတုံးထားတဲ့ အမျိုးသမီးအလောင်းပါ” လို့ ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်ချောင်းထဲမှာ ရေထဲမျောပါသေဆုံးနေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးရုပ်အလောင်းကို medical လူငယ်များအသင်းက မြောက်ဒဂုံ၊ ၃၃ ရပ်ကွက်အနီးမှာ စက်တင်ဘာ ၁၄ ရက်၊ ညနေ ၆ နာရီကျော်က ဆယ်ယူနိုင်ခဲ့ပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ သိရပြီး ရုပ်အလောင်းကို medical အသင်းယာဉ်နဲ့ မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။