ယူကရိန်းကနေ ကောက်နှံတွေတင်ပို့မှု တားမြစ်ချက်ရုပ်သိမ်းလိုက်တဲ့ ဥရောပသမဂ္ဂ အီးယူရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇီလန်စကီးက ကြိုဆိုလိုက်ပြီး စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်မှုရဲ့ စံနမူနာတခုလို့ ခေါ်ဆို လိုက်ပါတယ်။
သမ္မတ ဇီလန်စကီးက “ဥရောပသမဂ္ဂက ကျနော်တို့ရဲ့ လယ်ယာထွက်ကုန်တင်ပို့မှုအပေါ် တင်းကျပ်တဲ့ ကန့်သတ်မှုတွေ ရုပ်သိမ်းလိုက်ပါပြီ။ အခု ဥရောပ စည်းလုံးညီညွတ်မှုအတွက်လည်း နှစ် နိုင်ငံအဆင့်မှာ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။
အီးယူရဲ့ဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှာ ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့ကတော့ သူတို့ရဲ့ကိုယ်ပိုင် တားမြစ်ချက်ကို ချမှတ်မှာဖြစ်ကြောင်း စက်တင်ဘာလ ၁၅ ရက်မှာ ပြောကြားခဲ့တာကြောင့် အိမ်နီးချင်းတွေရဲ့ ဆုံးဖြတ်ချက်တွေက အီးယူ ဥပဒေကို ချိုးဖောက်ပြီး အိမ်နီးချင်း မပီသဘူးဆိုရင် ယူကရိန်းကလည်း ယဉ်ကျေးတဲ့ပုံစံနဲ့ပဲ တုံ့ပြန်ရလိမ့်မယ်လို့ ဇီလန်စကီးက ပြောပါတယ်။
မေလတုန်းက ဥရောပသမဂ္ဂမှ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေအရ ယူကရိန်း ဂျုံ၊ ပြောင်း၊ ရိပ်(ပ်) ဆီကြိတ်စေ့၊ နေကြာစေ့စတဲ့ ကောက်နှံတွေ ပြည်ပပို့ကုန် တင်ပို့ဖို့ ခွင့်ပြုထားချိန်မှာ ပိုလန်၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့ စလိုဗက်ကီးယားနိုင်ငံတို့ဟာ အဲဒီကုန်စည်တွေကို သူတို့ပြည်တွင်းမှာ ရောင်းချခွင့် ပိတ်ပင်ခဲ့တာပါ။
နိုင်ငံတွေအနေနဲ့ ယူကရိန်း ကောက်နှံ့ တင်သွင်းမှုအပေါ် တဖက်သတ် အရေးယူခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း အီးယူ ကုန်သွယ်ရေးကော်မရှင်နာ ဗာလ်ဒစ်စ် ဒွံ(မ်)ဘရော့ဗ်စကီးစ် က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ကျူးကျော်စစ်ပြုခဲ့တဲ့ ရုရှားဟာ ဇူလိုင်လမှာ ကုန်တင်သင်္ဘောတွေကို ဘေးကင်းစွာ ဖြတ်သန်းသွားလာခွင့် ပြုထားတဲ့ ကုလသမဂ္ဂမှ ကြားဝင်စေ့စပ်ပေးထားတဲ့ ပင်လယ်နက် သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပြီးနောက်မှာ အီးယူဟာ ယူကရိန်းရဲ့ ကောက်နှံတွေနဲ့ ဆီထွက်သီးနှံတွေ တင်ပို့ရာမှာ အသုံးပြုဖို့အတွက် ညီညွတ်ရေးလမ်းကြောင်းတွေလို့ ခေါ်ဆိုတဲ့ အစားထိုး ကုန်းမြေလမ်းကြောင်းတွေကို ဖန်တီးခဲ့ပါတယ်။
Source/Photo-Reuters